ဇွန် ၂၄၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
အီရန်က ကာတာနိုင်ငံရှိ အမေရိကန် အခြေစိုက် စခန်းကို ယမန်နေ့ ညက ဒုံးကျည်ဖြင့် ပစ်ခတ်ပြီးနောက် အရှေ့ အလယ်ပိုင်း နိုင်ငံတချို့ လေကြောင်း ခရီးစဉ်များ နောက်ဆုတ်လိုက်၍ မြန်မာတချို့ခရီးစဉ် အခက်အခဲ ဖြစ်ပေါ်ခဲ့ သည်ဟု ကိုယ်တိုင်တွေ့ကြုံခဲ့ရသူများက ပြောသည်။
ယခုလို တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် အရှေ့အလယ်ပိုင်းဒေသရှိ အိုမန်၊ ဘာရိန်း၊ ယူအေအီး၊ ကာတာ၊ ကူဝိတ် အစရှိသည့် နိုင်ငံများက နိုင်ငံတကာလေဆိပ်တွင် လေကြောင်းလိုင်းများက လေကြောင်း ခရီးစဉ် များကို ၆ နာရီ ကြာ ရပ်တန့်သွားခဲ့သည်ဟု ဒေသတွင်း သတင်းများတွင် ဖော်ပြထားသည်။
လေကြောင်း ခရီးစဉ်များ ရပ်တန့်သွား၍ အရှေ့အလယ်ပိုင်းဒေသတွင် သွားရောက် အလုပ်လုပ်ကိုင်နေသည့် မြန်မာတချို့ အိမ်ပြန်ခရီးနှင့် အခြားခရီးစဉ်များ အခက်အခဲ ကြုံတွေ့ခဲ့သည်ဟု ဒူဘိုင်းရောက် မြန်မာတစ်ဦးက ယခုလို ပြောသည်။
“ဒူဘိုင်းက မြန်မာပြည်ပြန်မလို့ ဒူဘိုင်းကနေ ဘာရိန်း ပြီးတော့ ထိုင်းကို လေယာဉ်ပြောင်းစီးမလို့ အခု မနေ့က အီရန်က ကာတာကို ဒုံးကျည်နဲ့ ပစ်တော့ လေကြောင်းခရီးစဉ်တွေရပ်တန့် သွားတယ်။ ဒူးဘိုင်းက လေဆိပ်မှာ ၆ နာရီလောက် ကြာသွားတယ်။ ပြီးမှ ဘာရိန်းကို သွားလို့ရတယ်။ ဘာရိန်းရောက်တော့ လက်မှတ်ဖြတ်ထားတဲ့ ထိုင်းလေယာဉ်က ထွက်သွားပြီး၊ ဒီညမှ လာမဲ့ ထိုင်းလေယာဉ်ကို လက်မှတ်တန်းစီပြီး ဖြတ်ထားတယ်။ တနေကုန် လေဆိပ်ထဲနေရမှာပေါ့” ဟု ၎င်းက ပြောသည်။
အစ္စရေးနှင့် အီရန် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားနေချိန်အတွင်း ဒူဘိုင်းမှ အဇာဘိုင်ဂျန်နိုင်ငံသို့ ခရီးသွားခဲ့သူ မြန်မာတစ်ဦးသည်လည်း လေကြောင်းခရီးစဉ်များ ရပ်တန့် ရွှေ့ဆိုင်းသွား၍ ၃ ရက်ခန့် ပိတ်မိနေပြီးနောက် တာမင့်နစ္စတန် နိုင်ငံဘက်မှ လေကြောင်း ခရီးစဉ်ပြောင်းစီးပြီး ဒူဘိုင်းသို့ ပြန်လာခဲ့ရသည်ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် ဇွန် ၂၂ ရက်နေ့တွင် အမေရိကန်က အီရန်ရှိ နူကလီးယား စက်ရုံများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက် ပြီးနောက် အီရန်က လက်တုန့်ပြန်သည့် အနေဖြင့် ကာတာနိုင်ငံရှိ အမေရိကန် စစ်အခြေစိုက်စခန်းကို တာဝေးပစ် ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ တိုက်ခိုက်မှု အောင်မြင်သည်ဟု အီရန် ဘက်ကပြောသလို အမေရိကန်နှင့် ကာတာဘက်ကလည်း လူထိ ခိုက်မှု မရှိဟု အသီးသီးပြောဆိုကြသည်။
နောက်ဆုံးရ နိုင်ငံတကာသတင်းများအရ အီရန်နှင့် အစ္စရေးတို့ အပစ်ရပ်ရန် သဘောတူလိုက်ပြီးဟု အမေရိကန် သမ္မတနှင့် အီရန် တာဝန်ရှိသူတို့က အသီးသီးထုတ်ဖော်ပြောဆို ထားသည်။