ဇွန် ၂၄၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ် လူဝင်မှုကြီးကြပ်ရေးရုံး (လဝက)နှင့် မြို့မရဲစခန်းကို လောင်းလုံးမြို့အခြေ စိုက် တော်လှန်ရေးပူးပေါင်းတပ်များက ယနေ့ ဇွန် ၂၄ ရက်နေ့၊ နေ့လည်ပိုင်းအချိန်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ သည်ဟု လောင်းလုံး PDF ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရှဲဒိုးက ပြောသည်။
လောင်းလုံးမြို့ပေါ်ရှိ လဝကရုံးနှင့် မြို့မရဲစခန်းများ အပါအဝင် စစ်ကောင်စီ တပ်စွဲထားသည့် ရုံးနေရာများကို တော်လှန်ရေး ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်မှု မကြာခဏ ပြုလုပ်လေ့ရှိသလို ယနေ့ မြို့ပေါ် တိုက်ပွဲ အခြေအနေနှင့် ပတ်သက်၍ ရဲဘော်ရှဲဒိုးက ယခုလို ပြောသည်။
“လက်ရှိမှာတော့ စစ်ကြောင်းထိုးတာ မရှိသေးဘူး။ မနက်ပိုင်းက လောင်းလုံးမြို့ထဲက ရန်သူရဲ့ စခန်းတချို့ကို ဒေသအခြေစိုက် ပူးပေါင်းတပ်ဖွဲ့ဝင်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်။ နှစ်ဖက် စစ်ရေးတင်းမာ နေတာပါ။ လက်ရှိ မှာတော့ ငြိမ်နေပါတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
လောင်းလုံးမြို့ပေါ် တိုက်ပွဲသို့ ထားဝယ်မြို့ပေါ်ရှိ စစ်ကောင်စီတပ်များက ဟောင်ဝစ်ဇာ လက်နက်ကြီး တစ်လုံး ပစ်ခတ်သည့်အပြင် အခြား လက်နက်ကြီးများဖြင့်လည်း လောင်းလုံးမြို့ဘက်သို့ ပစ်ကူပေးနေကြောင်း ၎င်းက ဆက်ပြောသည်။
ထို့အပြင် တိုက်ပွဲအတွင်း ထိခိုက်ကျဆုံးသွားသည့် အခြေအနေ အသေးစိတ်ကိုမူ နောက်ပိုင်းတွင် သတင်းထုတ် ပြန်သွားမည်ဟု လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်-PDF ထံမှ သိရသည်။
လက်ရှိ လောင်းလုံးမြို့နယ်အတွင်း စစ်ကောင်စီက မေလကုန်ပိုင်းမှစ၍ စစ်ကြောင်းထိုးဝင်ရောက်လာပြီး သုံးပတ် အတွင်း ကျေးရွာများရှိ ဒေသခံများ စစ်ဘေးရှောင်နေရသလို တချို့ ဖမ်းဆီးခံရမှုများလည်း ရှိသည်ဟု နယ်မြေအတွင်းရှိ သတင်းရင်းမြစ်များက ပြောသည်။