Home သတင်း လောင်းကိုင်-ဖားကျဒေသထွက် ဒူးရင်းသီး ဈေးမရ

လောင်းကိုင်-ဖားကျဒေသထွက် ဒူးရင်းသီး ဈေးမရ

548
Photo: CJ

ဇွန် ၂၄၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ဒူးရင်းသီး အထွက်များသည်ဟု နာမည်ကြီးလူသိများသည့် ကေအဲန်ယူ-ဒူးပလာယာခရိုင်၊ ကျုံးဒိုးမြို့ နယ် လောင်းကိုင်-ဖားကျ ဒေသထွက် ဒူးရင်းသီး အဝယ်နည်း ဈေးကောင်းမရ ဖြစ်နေသည်ဟု ဒူးရင်း ခြံပိုင်ရှင်များက ပြောသည်။

လက်ရှိ ကျုံဒိုးမြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားနေပြီး လမ်းမကြီးများပေါ် သွားလာမရ ဖြစ်နေ၍ ယခု လို ဒေသထွက်ရာသီ သီးနှံများ လာဝယ်သူနည်း၍ ဈေးကောင်းမရ ဖြစ်နေသည်ဟု ဒေသခံ ဒူးရင်းခြံ ပိုင်ရှင်တစ်ဦးက ယခုလို ပြောသည်။

“စျေးကတော့ အရမ်းကြီးမရဘူး။ အပြင် ဧည့်သည်တွေ လာများရင်တော့ ဒီထက် စျေးကောင်းတော့ ရမှာပေါ့။ ဒီနှစ်က အပြင်လူ လာဝယ်တာ နည်းတယ်။ ပြီးတော့ မြို့ကို သွားပို့ဖို့က လိုင်စင်မဲ့ကားတွေ ဖမ်းတော့ မြို့ထဲကို သွားမရောင်းရဲဘူး။ လမ်းမကြီး ပိတ်ထားပြီး လမ်းမကောင်းတော့ သူများသိပ့် မသွားဘူး“ ဟု ၎င်းက ပြောသည်။

အဆိုပါ ဒေသတွင်းရှိ လောင်းကိုင်၊ ဖားကျ၊ သမိန်ဒွတ်၊ ဝင်းက စသည့် ကျေးရွာများတွင် ဒူးရင်းသီး အထွက်များပြီး လက်ရှိ ပေါက်ဈေးသည် အသေးတစ်လုံးလျင် ကျပ် ၁,၀၀၀ မှ စ၍ အလုံးလှ အကြီး တစ်လုံး ကျပ် ၁၀,၀၀၀ ထိ သာ ဈေးရကြောင်း ခြံပိုင်ရှင်များထံမှ သိရသည်။

ယခင်နှစ်တွင်မှု အနိမ့်ဆုံး တစ်လုံး ကျပ် ၂,၀၀၀ မှ ၁၅,၀၀၀ ကျပ်ထိ ခြံရောက် ပေါက်ဈေး ရှိခဲ့သည်ဟု ခြံပိုင်ရှင်များက ပြောသည်။

ထို့အပြင် အဆိုပါဒေသထွက် မင်းကွတ်သီးနှင့် နာနတ်သီးများလည်း ဝယ်ယူသူ မရှိသလောက် နည်းပါး နေသည်ဟု ခြံပိုင်ရှင်များထံမှ သိရသည်။

“ဒူးရင်းသီးက စျေးမရှိဘူး။ ဒါပေမယ့် နည်းနည်းရောင်းရသေးတယ်။ ကျန်တဲ့ မင်းကွတ်သီး၊ နာနတ်သီး ဆိုရင် အဲလိုဘဲပုံနေတယ်။ ဘယ်သူမှ မဝယ်ဘူး။ ပြီးတော့ မင်းကွတ်သီးက အခုမိုးများပြီး ဆိုတော့ အသီးထဲ ရေဝင် ပျက်တာရှိတယ်။ နာနတ်သီး ဆိုရင်လည်း တစ်လုံး တစ်ရာတောင် ဝယ်တဲ့လူ မရှိဘူး” ဟု ၎င်းက ပြောသည်။

စျေးကောင်းမရရှိသည့်အတွက် ခြံပိုင်ရှင်အချို့သည် အလုံးလိုက်မရောင်းတော့ဘဲ ဒူးရင်းသီး၊ နာနတ် သီးများကိုယိုးထိုးထားပြီး၊ ပြောင်းလဲ ရောင်းချမှုများလည်းရှိကာ လက်ရှိ ဒေသအတွင်း ဒူးရင်းသီးယို တစ်ပိဿာ ၅၀,၀၀၀ (ငါးသောင်း) ကျပ်နှင့် နာနတ်ယို တစ်ပိဿာ ၂၀,၀၀၀ (နှစ်သောင်း) ကျပ်ထိ စျေး ရှိသည်ဟု သိရသည်။

ကရင်ပြည်နယ်တွင် သံတောင်ကြီးနှင့် အဆိုပါဒေသတို့တွင် ဒူးရင်းသီး ၊ မင်းကွတ်သီး၊ နာနတ်သီး အထွက်များသည့် ဒေသတစ်ခု ဖြစ်သည်။

သီးနှံပေါ်ချိန် ကျေးရွာအလိုက် ဘုန်းကြီးကျောင်းများတွင် ဒူးရင်းသီးများ လှူဒါန်း ကျွေးမွေး ကြလေ့ ရှိကာ လောင်းကိုင်ကျေးရွာ၌ ကျင်းပလေ့ရှိသည့် “ဒူးရင်းသီးပွဲတော်” သည် လူသိများသည့် ထင်ရှား သည့် ဒူးရင်းသီးစတုဒီသာ ပွဲတော်တစ်ခု ဖြစ်သည်။