ဇွန် ၂၄၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ခလယ်လွီထူခရိုင်၊ တပ်မဟာ(၃)နယ်မြေရှိ လယ်ဒို (ကျောက်ကြီး)နှင့် မူး(မုန်း) မြို့နယ်တို့တွင် စစ်ကောင်စီက အရပ်သားများ နေထိုင်ရာကျေးရွာသို့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှု များကြောင့် ဒေသခံ အရပ်သား ပြည်သူ ၃ ဦး လက်နက်ကြီးစ ထိမှန်ဒဏ်ရာများ ရရှိခဲ့သွားသည်ဟု ကေအဲန်ယူ ဗဟိုက သတင်းထုတ်ပြန်ထားသည်။
လယ်ဒိုမြို့နယ်ရှိ ပိန်းဇလုပ်အခြေစိုက် စစ်ကောင်စီခြေလျင်တပ်ရင်း (ခလရ-၂၆၄) က ဇွန်လ (၁၄) ရက်နေ့တွင် လက်နက်ကြီးပစ်ခတ်မှုကြောင့် သမင်အင်းကုန်း ကျေးရွာအတွင်းသို့ (၁၂၀) မမ လက်နက်ကြီး(၁)လုံး၊ ဖျံတလင်း ကျေးရွာအတွင်းသို့(၁၂၀)မမ လက်နက်ကြီး(၂)လုံးကျရောက် ပေါက်ကွဲခဲ့သည်။
ထိုသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် သမင်အင်းကုန်းကျေးရွာနေ နော်ဃီးလာဖော အသက် (၂၆) နှစ်၊ ဖျံတလင်းကျေးရွာနေ နော်မူမူ အသက် (၄၂) နှစ် နှင့် စောဒေါင်ဖြောင့် အသက် (၁၁) နှစ်တို့သည် လက်နက် ကြီးစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ကြသည်။
ထို့အပြင် ပြီးခဲ့သည့်ဇွန် ၂၀ ရက်နေ့တွင်လည်း မူးမြို့နယ်အတွင်းရှိ နတ်သံကွင်းရွာမှာစစ်ကောင်စီက အရပ်သား ပြည်သူများအား အဓိကပစ်မှတ်ထား၍ ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်မှုများအပြင် လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဥသျှစ်ကျေးရွာနှင့် ရေလဲကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သည်။
ထိုဖြစ်စဉ်တွင် ဥသျှစ်ကုန်းကျေးရွာမှ စောတူးဝါးနှင့် စောတူးလူး၏ နေအိမ် (၂) လုံး၊ ဥသျှစ်ကုန်းကျေးရွာမှ ဗုဒ္ဓ ဘာသာဘုန်းကြီးကျောင်း (၁) ကျောင်း၊ ခရစ်ဘုရားကျောင်း (၁) ကျောင်း၊ ရေလဲကျေးရွာမှ နော်ချယ်ရီနှင့် စောမောင်မင်းတို့၏ နေအိမ် (၂) လုံး လက်နက်ကြီးထိမှန် ပျက်စီး သွားသည်ဟု ကေအဲန်ယူ ဗဟိုက ထုတ်ပြန် ထားသည်။
လက်ရှိ စစ်ကောင်စီက ကေအဲန်ယူ စီမံအုပ်ချုပ်နယ်မြေအတွင်း အရပ်သား ပြည်သူများနေထိုင်ရာနေရာများသို့ ပစ်မှတ်ထားပြီး လက်နက်ကြီးပစ်ခတ်ခြင်း၊ တိုက်လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်ခြင်းတို့ကို လုပ်ဆောင်လျက်ရှိရာ ယခုနှစ် ဇန်နဝါရီမှ ဇွန်လအထိ ၂၃ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ကရင်ပညာရေးနှင့် ယာဉ်ကျေးမှုဌာန ဒုတာဝန် ခံ ပဒိုအယ်ကလူ ပြောဆိုသည်။