ဇွန် ၂၄၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာ နယ်စပ်၊ မဲဆောက်မြို့၌ တရားမဝင်လုပ်သားများနှင့် လုပ်ငန်းများကို ထိုင်းအာဏာပိုင်များက စစ်ဆေးဖမ်းဆီးမှုများ ယခုရက်ပိုင်းတွင် ပြုလုပ်နေပြီး ရွှေ့ပြောင်းကျောင်းနှင့် ကျောင်းသူ၊ ကျောင်းသားများ လည်း စစ်ဆေးခံရမှုများ ရှိနေသည်ဟု ကျောင်းအုပ်တစ်ဦးက ပြောသည်။
လက်ရှိ ကျောင်းဖွင့်ချိန် မဲဆောက်ရှိ ဆာသူလေရွှေ့ပြောင်းကျောင်းမှ ကျောင်းသားတစ်ချို့ စစ်ဆေးခံရပြီး ခေတ္တခေါ်ယူမေးမြန်းမှု ဇွန်လ ကျောင်းစဖွင့်ပြီးနောက် ဖြစ်ပွားခဲ့ရာ အရှိန်အဝါရှိ ထိုင်းစကားပြောတက်သူကို အကူအညီတောင်းပြီး ဖြေရှင်းပေးမှ ရသည့်အခြေအနေမျိုး ကြုံတွေ့ခဲ့ရသည်ဟု ဆာသူးလေ ကျောင်းအုပ် ဆရာမကြီး နော်ဖောရေက ယခုလို ပြောသည်။
“ကျောင်းသား၊ ကျောင်းသူတွေ ကျောင်းဆင်းတဲ့အချိန် အိမ်ပြန်ရောက်ပြီး သွားလာလည်ပတ် ကစားချိန် ပုလိပ် တွေဖမ်းတော့ ပြန်လိုက်လို့ သိပ့်မရဘူး။ အာဏာရှိတဲ့လူ ပြောတတ်ဆိုတတ်တဲ့ လူကြီးတွေ ပြောပေးမှရတယ်။ ကလေးငယ်တွေဆိုရင် မိဘတွေ ကျောင်းကိုလာပို့တဲ့အခါ ပုလိပ်တွေက တားပြီး စစ်တာရှိတယ်။
ကျောင်းသား ကဒ် မပြနိုင်ရင် ကလေးကုန်ကူးမှု အဲလိုဆွဲတာရှိတယ်။ ဒါကဒီနှစ်အတွက် ရင်ဆိုင်ကြုံတွေ့လာရတဲ့ စိန်ခေါ်မှုကြီး တစ်ခုဖြစ်တယ်” ဟု ၎င်းက ပြောသည်။
ထို့အပြင် ရွှေ့ပြောင်းကျောင်း ဆရာ၊ ဆရာမများ ကိုလည်း မဲဆောက်မြို့ရှိ ထိုင်းဏာပိုင်များက ဝင်ရောက် စစ်ဆေးမေးမြန်မှုများ ယခင်နှစ်ထက် ပိုမိုများလာသည်ကို ကြုံတွေ့လာနေရသည်ဟု ရွှေ့ပြောင်းကျောင်း တာဝန် ရှိသူများက ပြောသည်။
နယ်စပ်ရှိ ရွှေ့ပြောင်းကျောင်းများက ကျောင်းသူကျောင်းသားများကို Grade-4 ရောက်မှသာ ကျောင်းသားကဒ် ထုတ်ပေးလေ့ရှိသည့်အတွက် အဆိုပါ အတန်းအောက် ကျောင်းသားကလေးငယ်များ စစ်ဆေးခံရမှုများ မကြာခဏ ကြုံတွေ့ရမှုသည်လည်း အခက်အခဲ တစ်ခု ဖြစ်စေသည်ဟု ကျောင်းအုပ်ဆရာမကြီး နောဖောရေက ဖြည့်စွက်ပြောသည်။
“အရင်နှစ်တွေက ၄ တန်းကစပြီး ကျောင်းသားကဒ် ထုတ်ပေးတယ်ဆိုတာက ၄ တန်းအောက် ကလေးငယ်တွေ ဆိုရင် ငယ်ငယ်လေးဘဲ သူတို့ စစ်ဆေးတာတွေ မရှိဘူး။ အဲ့ဒါကြောင့် ၄ တန်းကစပြီး ကဒ်ထုတ်ပေးတာဖြစ် တယ်။ အခုနှစ်က မရတော့ဘူး ကလေးငယ်တွေပါ အကုန်စစ်ဆေးတယ်“ ဟု ၎င်းက ပြောသည်။
ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်ထဲတွင် မြန်မာရွှေ့ပြောင်း လုပ်သားပညာရေးကော်မတီ (BMWEC) လက်အောက်တွင် စာသင်ကျောင်းစုစုပေါင်း ၆၄ ကျောင်းရှိပြီး ကျောင်းသူကျောင်းသားဦးရေ တစ်သောင်းဦးကျော် ရှိသည်ဟု အဆိုပါကော်မတီထံမှ သိရသည်။