Home ဆောင်းပါး ပန်ဒိုရာသေတ္တာ ဖွင့်သူ နေတန်ညာဟုနဲ့ ဒေါ်နယ်ထရန့်

ပန်ဒိုရာသေတ္တာ ဖွင့်သူ နေတန်ညာဟုနဲ့ ဒေါ်နယ်ထရန့်

452

ပန်ဒိုရာသေတ္တာ ဖွင့်သူ နေတန်ညာဟုနဲ့ ဒေါ်နယ်ထရန့်

မောင်ကျော်စွာ

(၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၄ ရက်)

၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၁ရက်နေ့မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်သည် အီရန်နိုင်ငံရဲ့ Fordow၊ Natanz နှင့် Isfahan ရှိ နျူကလီးယားအဆောက်အဦ ၃ခုကို တိုက်ခိုက်ပြီးစီးပြီလို့ သူ၏ လူမှုမီဒီယာကွန် ရက် “Truth Social” ကနေ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒါဟာ အစ္စရေးနိုင်ငံက အီရန်နိုင်ငံအပေါ် ဇွန်လ ၁၃ ရက်နေ့မှာ စစ်ရေးအရ ကျူးကျော်တိုက်ခိုက်ခဲ့ပြီးနောက် ၈ရက်အကြာမှာ ဖြစ်ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့လုပ်ရပ်ဟာ အတိုင်းအတာ အရှိန်အဟုန်တစ်ခုနဲ့ လောင်မြိုက်နေတဲ့ ပဋိပက္ခတစ်ခုကို အတိုင်းအတာလျှော့ကျလာအောင် ပြေလည်မှုရှိလာအောင် တည်ငြိမ်အေးချမ်း လာအောင် လုပ်ရမယ့်အစား ပိုမိုကြီးမားတဲ့ လောင်မြိုက်မှုဆီသို့ တွန်းပို့လိုက်တာပါပဲ။ လောင်မြိုက်နေတဲ့ မီးကို ရေနဲ့ ငြိမ်းရမယ့်အစား အဆင်အခြင်ကင်းမဲ့စွာ ဓာတ်ဆီလောင်းထည့်လိုက်တဲ့ လုပ်ရပ်မျိုးသာ ဖြစ်ပါတယ်။

တကယ်တော့ ဇွန်လ ၁၃ရက်နေ့မှာ အစ္စရေးနိုင်ငံက အီရန်နိုင်ငံအပေါ် စစ်ရေးအရ ကျူးကျော်တိုက်ခိုက်တဲ့ လုပ်ရပ်ပဲဖြစ်စေ၊ ဇွန်လ ၂၁ရက်နေ့မှာ အမေရိကန်သမ္မတဒေါ်နယ်ထရန့်က အီရန်နိုင်ငံရဲ့နျူကလီယား အဆောက်အဦ ၃ခုကို ကျူးကျော်တိုက်ခိုက်ဖျက်ဆီးပစ်လိုက်တဲ့ လုပ်ရပ်ပဲဖြစ်ပါစေ ဒီလုပ်ရပ်တွေဟာ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်း ရေးနဲ့ လုံခြုံရေးကို ဗြောင်အကျဆုံး ကိုယ်ထိလက်ချိုးဖောက်တဲ့ လုပ်ရပ်တွေပဲဖြစ်ပါတယ်။ တည်ဆဲဖြစ်တဲ့ ကုလသမဂ္ဂ ပဋိညာဉ်စာချုပ်ကို အဆိုးဝါးဆုံး ချိုးဖောက်ကြတာပဲဖြစ်ပါတယ်။

အမေရိကန်ပြည်တွင်းမှာလည်း သမ္မတဒေါ်နယ်ထရန့်က အီရန်ကို ကျူးကျော်တိုက်ခိုက်ဖျက်ဆီးတာနဲ့ ပတ် သက်ပြီး အမေရိကန်ဆီးနိတ်တာတချို့က သမ္မတရဲ့ဒီလုပ်ရပ်က ကွန်ဂရက်ရဲ့ သဘောတူညီမှုမရှိဘဲ လုပ်ဆောင်တာ ဖြစ်တယ်။ အမေရိကန်အခြေခံဥပဒေကို ချိုးဖောက်ပြီးလုပ်ဆောင်တာဖြစ်တယ်လို့ ထောက်ပြဝေဖန်နေကြသလို အမေ ရိကန်ပြည်သူတွေဟာ မပြီးနိုင် မစီးနိုင်တဲ့ နောက်ထပ်စစ်ပွဲတွေကို မလိုလားဘူးလို့ ပြောဆိုနေပါတယ်။

ဒီနေ့ ကမ္ဘာကြီးကို လွတ်လပ်တဲ့ အချုပ်အခြာအာဏာပိုင်နိုင်ငံတွေနဲ့ တန်းတူရည်တူ သဘောတူညှိနှိုင်းပြီး စုစည်းထားကြတာ မဟုတ်ပါလား။ အားလုံး သဘောတူညီထားကြတဲ့ “ကုလသမဂ္ဂပဋိညာဉ်စာချုပ်” ကို အင်အားကြီး နိုင်ငံတစ်ခု သို့မဟုတ် အင်အားကြီးနိုင်ငံတစ်ခုကို ကျောထောက်ခံပြုထားတဲ့ နိုင်ငံတစ်ခုက ချိုးဖောက်ကြတာကို ဥပဒေရှုထောင့်၊ ကျင့်ဝတ်ဗေဒရှုထောင့်၊ ကြောင်းကျိုးယုတ္တိဗေဒရှုထောင့်၊ နိုင်ငံရေးရှုထောင့် ဘယ်ရှုထောင့်ကကြည့် ကြည့် မဆီလျော်ပါဘူး။ ဗိုလ်ကျအနိုင်ကျင့်တယ်ဆိုတဲ့ လုပ်ရပ်ဟာ လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားပေါ်လွင်နေပါ တယ်။

ဒီလိုလုပ်ရပ်တွေဟာ ဂရိဒဏ္ဍာရီပုံပြင်တွေထဲက ပန်ဒိုရာသေတ္တာကို ဖွင့်လိုက်တာမျိုးပါပဲ။ မရေအတွက်နိုင် သော မတည်ငြိမ်မှုတွေနဲ့ ဆိုးသွမ်းမှုဘေးဒုက္ခတွေကို တံခါးဖွင့်ပေးလိုက်တာပါပဲ။ ဆန်းပြားတဲ့နည်းပညာတွေ ပြိုင်ဆိုင် လုယက်ရေး – စီးပွားကုန်သွယ်ရေး – အယူအဆရေး – သဘာဝဘေးအန္တရာယ် – ကပ်ရောဂါဘေးအန္တရာယ် စတဲ့ ပဋိပက္ခပေါင်းစုံ – အန္တရာယ်ပေါင်းစုံပြွမ်းနေတဲ့ မရေမရာ မတည်မငြိမ်ဖြစ်နေတဲ့ကမ္ဘာကြီးကို မြွေပူရာကင်း မှောင့်လိုက် တာပါ။

အဲဒီလို ဘေးအန္တရာပေါင်းစုံကို အရှိန်အဟုန်နဲ့ထပ်မံဖိတ်ခေါ်သလိုဖြစ်စေတဲ့ နေတန်ညာဟုနဲ့ ဒေါ်နယ်ထရန့် တို့ရဲ့ ဗိုလ်ကျကျူးကျော်တဲ့ လုပ်ရပ်တွေကို ကျနော်တို့ဟာ ဘယ်လိုနှလုံးသား၊ ဘယ်လိုဦးနှောက်နဲ့ ဒီလိုလုပ်ရပ်တွေကို ထောက်ခံကြမလဲ၊ ကြိုဆိုကြမလဲ။ ကျနော်တို့ ကိုးကွယ်ယုံကြည်ကြတဲ့ ဘယ်လိုဘာသာတရားရဲ့ ရှုထောင့်ကနေကြည့် ပြီး ဒီလိုလုပ်ရပ်မျိုးတွေကို ကြေးစည်ထုပြီး သာဓုခေါ်ကြမလား သို့တည်းမဟုတ် ဘုရားကျောင်းက ခေါင်းလောင်းကို ထိုးပြီး ကောင်းချီးဩဘာပေးကြမလား။ နဖူးပေါ်လက်တင်ပြီး သေချာ စဉ်းစားကြည့်ကြပါ။

သူတို့လက်ဝယ်မှာ ရရှိပိုင်ဆိုင်ထားနေကြတဲ့ ခေတ်မီဆန်းပြားတဲ့ ယာဉ်စက်လက်နက်ဆန်းတွေကိုကြည့်ပြီး သူတို့မတရားမှုကို ကျနော်တို့ ရေငုံနှုတ်ဆိတ်နေကြမလား။ ဒါမှမဟုတ် တိုင်းပြည်တစ်ခုရဲ့ လူနေတိုက်တာတွေ၊ ကျောင်းတွေ၊ ဆေးရုံတွေ၊ လေယာဉ်ပျံကွင်းတွေ စတဲ့ အများပြည်သူ အဆောက်အအုံတွေကို ပစ်ခတ်ဖျက်ဆီးပစ်နေ တာတွေကို ဝမ်းသာအားရနဲ့ လက်ခုပ်တီးအားပေးကြမလား။

ကျနော့်ကိုယ်ကျနော်လည်း အဲဒီမေးခွန်းတွေကို အကြိမ်ကြိမ်မေးကြည့်ပါတယ်။ ဒီလုပ်ရပ်တွေကို ကျနော့်မိရိုး ဖလာကိုးကွယ်မှုအရပဲဖြစ်ဖြစ်၊ ကျနော်လက်ခံယုံကြည်ထားတဲ့ ဒီမိုကရေစီနိုင်ငံရေးယုံကြည်ချက်အရပဲဖြစ်ဖြစ်၊ အကြောင်းနဲ့အကျိုး ယုတ္တိဗေဒအရပဲဖြစ်ဖြစ် ဘယ်လိုမှ လက်သင့်မခံနိုင်ပါဘူး။ ဘယ်နည်းနဲ့မှ အားပေးကြိုဆိုဖို့ မဖြစ် နိုင်ပါဘူး။ ပြတ်သားတည်ကြည်စွာ ဆန့်ကျင်ကန့်ကွက်ကြရမှာပါ။

၁၉၄၈ – ၄၉ခုနှစ်ကပဲ စတင်မလား သို့တည်းမဟုတ် ၁၉၆၂ ခုနှစ်ကပဲ စတင်မလား သို့တည်းမဟုတ် ၁၉၇၄ – ၇၅ – ၇၆ခုနှစ်များဆီကပဲ စတင်မလား သို့တည်းမဟုတ် ၁၉၈၈ ခုနှစ်ကပဲ စတင်မလား သို့တည်းမဟုတ် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီကပဲ စတင်မလား။ ကျနော်တို့ဟာ အုပ်စိုးသူအဆက်ဆက်ရဲ့ နိုင်ငံရေးအရ – လူမျိုးရေးအရ – ဘာသာရေး အရ ဖိနှိပ်အကြမ်းဖက်တာကို ဒီနေ့မျက်မှောက်ကာလအထိ ရင်ဆိုင်နေကြရတာပါ။

သမိုင်းကြောင်းအရလည်း ကျနော်တို့တိုင်းပြည်နဲ့ လူမျိုးပေါင်းစုံပြည်သူများဟာ ဗြိတိသျှနယ်ချဲ့သမားနဲ့ ဖက် ဆစ်ဂျပန်ကျူးကျော်သူတွေရဲ့ ကျွန်ပြုအကြမ်းဖက်ဖိနှိပ်မှုတွေကို နှစ်ပေါင်းများစွာ တွန်းလှန်ခဲ့ကြရပါတယ်။

ဒီလိုဘဝကို ဖြတ်သန်းခဲ့၊ ဖြတ်သန်းဆဲ ပြည်သူတွေဟာ ပြည်တွင်းမှာပဲဖြစ်စေ၊ ပြည်ပမှာပဲဖြစ်စေ ဘယ်သူရဲ့ ဘယ်တိုင်းပြည်ရဲ့ ဗိုလ်ကျကျူးကျော်စွက်ဖက် ဖိနှိပ်အကြမ်းဖက်မှုတွေ မတွေ့ကြုံမခံစားလိုပါဘူး။ ကမ္ဘာပေါ်က အခြား လွတ်လပ်တဲ့ ဘယ်တိုင်းပြည်တစ်ပြည်ကို အခြားတိုင်းပြည်တစ်ပြည်က တစ်ဖက်သတ် လုပ်ကြံအကြောင်းပြထားတဲ့ စွပ်စွဲချက်မျိုးစုံနဲ့ စွက်ဖက်အနိုင်ကျင့်တာကိုလည်း မနှစ်သက် မလိုလားပါဘူး။

ကျနော်တို့ဖြတ်သန်းလာခဲ့ကြရတဲ့ လက်တွေ့ဖြစ်ရပ်နဲ့ပဲ နှိုင်းယှဉ်ချိန်ထိုးကြည့်ပါ။ “မဲမသမာမှု” ဆိုတဲ့ လုပ်ကြံ အကြောင်းပြချက်နဲ့ မင်းအောင်လှိုင်တို့(စကစ)စစ်အုပ်စုက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို တစ်ဖက်သတ် ဖျက်သိမ်းပစ်ပြီး အာဏာသိမ်းပိုက်ခဲ့တယ် မဟုတ်ပါလား။

ဒီလို တစ်ဖက်သတ် ဗိုလ်ကျအနိုင်ကျင့်တာကို ကျနော်တို့ပြည်သူတွေဟာ အနုနည်းနဲ့ တစ်ပြည်လုံး အုံကြွဆန္ဒ ပြခဲ့ကြတယ်။ ဒါကို မင်းအောင်လှိုင်တို့ (စကစ)စစ်အုပ်စုက သေနတ်နဲ့ အကြမ်းဖက်ဖိနှိပ်လာပြန်တာမို့ ကျနော်တို့ ပြည်သူတွေနဲ့ လူငယ်တွေဟာ ရရာ လက်နက်စွဲကိုင်ပြီး ခုခံစစ်ဆင်နွှဲနေကြရတာ မဟုတ်ပါလား။

ကျနော်တို့လက်နက်ကိုင်စွဲပြီး ခုခံတော်လှန်နေတာဟာ ကျနော်တို့ အဖိနှိပ်ခံ လူမျိုးပေါင်းစုံ ပြည်သူများအပေါ် နှစ်ပေါင်းများစွာ သေနတ်ကိုင်ပြီး ဖိနှိပ်အကြမ်းဖက် အနိုင်ကျင့်နေတဲ့ (စကစ)စစ်အုပ်စုရဲ့ ဖိနှိပ်အုပ်စိုးမှုယန္တရားကို ဖြိုချဖျက်သိမ်းပစ်ဖို့ပါ။ သူတို့ရဲ့အကြမ်းဖက် ဗိုလ်ကျစိုးမိုးမှုနေရာ ကျနော်တို့က ဗိုလ်ဝင်ခံဖို့ မဟုတ်ပါဘူး။ သူတို့ အကြမ်းဖက်ဗိုလ်ကျမင်းမူခဲ့သလို ကျနော်တို့က တစ်ပြန်တစ်ကျော့ ဗိုလ်ကျမင်းလုပ်ဖို့ လုံးဝမဟုတ်ပါဘူး။

ကျနော်တို့ရဲ့ အကြောင်းအကျိုးယုတ္တိက သေနတ်ကိုင်ထားတဲ့ ဗိုလ်ကြီးကို အံ့တုပြီး သေနတ်ချင်း ယှဉ်ပစ်ကာ သူ့နေရာကို ဗိုလ်လုဖို့လည်းမဟုတ်သလို သေနတ်ကိုင်ဗိုလ်ကျနေတဲ့ ဗိုလ်လေး – ဗိုလ်ပိစိကွေးလေးတွေကို အာဏာပြ ဆုံးမလိုတဲ့ သေနတ်ကိုင်ဗိုလ်ကြီးလို မင်းတို့ထဲက ရဲတဲ့ကောင်ထွက်ခဲ့ ငါဗိုလ်ပဲလို့ လူမိုက်ဆန်ဆန် ဗိုလ်တောင်း စိန် ခေါ်လိုတဲ့ လော့ဂျစ်မျိုးလည်း လုံးဝ မဟုတ်ပါဘူး။

ဒေသတွင်းနဲ့ နိုင်ငံတကာပြဿနာတွေမှာလည်း အလားတူပါပဲ။ ခေတ်မီဆန်းပြားတဲ့ ယာဉ်စက်လက်နက်ကိရိ ယာတွေကို ကိုယ်တိုင်တော့ ထင်သလို စမ်းသပ်ထုတ်လုပ်ရောင်းချနေပြီး တစ်ဖက်မှာတော့ အခြားသူတွေကိုတော့ အကြောင်းပြချက်အမျိုးမျိုး အကျပ်ကိုင် အနိုင်ကျင့်မှုအမျိုးမျိုးနဲ့ ဗိုလ်ကျပိတ်ပင်ပြီး ငါပြောတာပဲ ငါလုပ်သလိုလိုက်မ လုပ်နဲ့၊ ခွာရာမတိုင်းနဲ့ ဆိုတဲ့စံနှစ်မျိုး သဘောထားနှစ်မျိုးနဲ့ ပြုမူတာမျိုးဟာလည်း တည်ဆဲပြဿနာတွေကို ပြေလည် အောင် ဖြေရှင်းနိုင်မှာ မဟုတ်တဲ့အပြင် နက်ရှိုင်းတဲ့ အမုန်းတရားနဲ့ ပိရိတဲ့ အံ့တုအာခံမှုတွေကို တံခါးဖွင့်ပေးသလို ဖိတ် ခေါ်သလိုတောင် ဖြစ်မှာပါ။

ဒီနေ့ခေတ်နည်းပညာတွေရဲ့ အင်မတန်မြင်သာတဲ့ အချက်တစ်ခုက နည်းပညာတစ်ခုကို ဘယ်သူမှ ရေရှည် လက်ဝါးကြီးအုပ် အပိုင်စီး ထိန်းချုပ်ထားနိုင်စွမ်း မရှိတဲ့အချက်ပါပဲ။ သူဖန်တီးနိုင်သလို ငါလည်း ဖန်တီးနိုင်တယ်ဆိုတဲ့ အချက်ပါပဲ။ မင်းက လကမ္ဘာကို တက်နိုင်သလို ငါလည်းတက်နိုင်တယ်။ မင်းမှာ တိုက်ချင်းပစ်ဒုံးပျံ တည်ဆောက်နိုင်သ လို ငါလည်း တိုက်ချင်းပစ်ဒုံးပျံ တည်ဆောက်နိုင်တယ်၊ မင်းလည်း ယူရေနီယံကို သန့်စင်နိုင်သလို ငါလည်း သန့်စင်နိုင် တယ်။ အနုမြူကို ငြိမ်းချမ်းစွာ အသုံးပြုဖို့ဆိုတာ တကယ်တော့ သွေးရိုးသားရိုးသာဆိုရင် လူသားလူ့အဖွဲ့အစည်းအ တွက် အင်မတန်မွန်မြတ်တဲ့ ဦးတည်ချက်ပါ။ ဒါပေမယ့် ဒီအချက်က အနုမြူလက်နက် ထုတ်လုပ်ဖို့ ဒိုင်းသဖွယ် ဖြစ်နေ တဲ့အချက်ပါ။

ဒါကလည်း ရှေ့က နိုင်ငံကြီးတွေ လက်တွေ့ပြသ လျှောက်လှမ်းခဲ့ကြတဲ့လမ်းပါ။ ဒီလမ်းကို အခြားနိုင်ငံတွေက လျှောက်လှမ်းလာတော့မှ “မင်းတို့လုပ်နေတာ ကမ္ဘာကြီးအတွက် ဘေးအန္တရာယ်ရှိတယ်/ခြိမ်းခြောက်မှုဖြစ်တယ်”ဆိုတဲ့ စကားဟာ ဘယ်လိုအကြောင်းအကျိုး ယုတ္တိရှိပါတော့မလဲ။ ရှေ့နောက်ညီပါတော့မလဲ။ ငါပဲ ကိုင်ထားမယ်၊ မင်းတို့မ ကိုင်ရဘူးလို့ ဗိုလ်ကျထားသလို ဖြစ်နေတော့တာပေါ့။

ဒီနေ့ လက်တွေ့ကမ္ဘာကြီးရဲ့ ဆက်ဆံရေးမှာ နည်းပညာတွေ မျှဝေတယ် – နည်းစနစ်တွေ လွှဲပြောင်းပေးတယ် ဆိုပေမယ့် ပေးချင်တဲ့နည်းပညာ – ပေးလိုတဲ့ အတိုင်းအတာလောက်ပဲ ပေးကြတာပါ။ ဆရာစားတော့ ချန်ထားကြတာ ချည်းပါ။ “ဟင်းစား”လောက်ပဲ ပေးကြတာပါ။ “ကွန်ချက်”တော့ ဘယ်သူကမှ အလျဉ်းမပြလို၊ မပေးလိုကြပါဘူး။ ဘယ် နိုင်ငံပဲဖြစ်ဖြစ်ပါ။ မေတ္တာရှိ ကူညီဖို့ဆိုတာ မရှိပါဘူး။

အဲဒီလို ကမ္ဘာကြီးရဲ့ဗြောင်ကျတဲ့ အကျိုးစီးပွားနဲ့ အပေးအယူ ပဓာနဆက်ဆံရေးခွင်ထဲမှာ ပြည်တွင်းစစ် ရှည် ကြာပြီး အုပ်စိုးသူတွေက အကြီးအကျယ်ချမ်းသာနေပြီး ပြည်သူတွေက ဆင်းရဲမွဲတေလွန်းနေတဲ့ ကျနော်တို့ တိုင်းပြည် ရဲ့ အနေအထားဟာ အင်မတန် စိုးရိမ်စရာပါ။

အခုလည်း နေတန်ညာဟုနဲ့ ဒေါ်နယ်ထရန့်တို့ရဲ့ ဗိုလ်ကျကျူးကျော်တိုက်ခိုက်မှုတွေက သူတို့တစ်ဦးချင်းအ တွက်ရော သက်ဆိုင်ရာ အပြစ်မဲ့တဲ့အစ္စရေးနဲ့ အမေရိကန်ပြည်သူတွေအတွက်ပါ ရတက်မအေးစရာတွေ ပူပန်စရာတွေ ကို တံခါးဖွင့် ဖိတ်ခေါ်လိုက်တာပါ။

ဒီတော့ ကမ္ဘာပေါ်က နေရာအနှံ့အပြားမှာ ဗိုလ်ကျကျူးကျော်မှုတွေ အာဏာပြခြိမ်းခြောက်မှုတွေကို ကန့်ကွက် ဆန့်ကျင်တားဆီးကြဖို့ ကမ္ဘာကြီးနဲ့ ကမ္ဘာ့ပြည်သူတွေ တည်ငြိမ် – ငြိမ်းချမ်းစေဖို့ အနိုင်နိုင်ငံက ပြည်သူတွေဟာ တစိတ် တည်း တဝမ်းတည်းထားပြီး ဆောင်ရွက်ကြရမယ့် အချိန်အခါကို ရောက်ရှိလာနေပြီလို့ ထင်မြင် ယူဆမိပါကြောင်း။