ဇွန် ၂၄၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ရှမ်းမြောက်၊ နောင်ချိုမြို့နယ်တွင် တအောင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-TNLA နှင့် စစ်ကြောင်းထိုး လာသည့် စစ်ကောင်စီတို့ နှစ်ဖက် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လမ်းပိုင်းတချို့ကို ပြန်စိုးမိုး ထားသည် ဟု ဒေသခံများနှင့် တာဝန်ရှိသူတို့က ပြောသည်။
ပြီးခဲ့သည့် ဇွန် ၂၀ ရက်နေ့မှစ၍ နောင်ချို၊ ပြင်ဦးလွင်နှင့် ကျောက်မဲမြို့နယ်တို့တွင် နှစ်ဖက် တိုက်ပွဲ ပြင်းထန် နေပြီး စစ်ကောင်စီက နောင်ချိုလမ်းပိုင်းတချို့ကို ပြန်လည်ထိန်းချုပ်ထားကြောင်း ဒေသအခြေအနေကို သိထား သူ တစ်ဦးက ယခုလို ပြောသည်။
“အခုနှစ်ဖက်တိုက်ပွဲတွေက တော်တော်လေးကို ပြင်းထန်နေတယ်။ နောက်ပြီးတော့ ဒီနောင်ချိုနဲ့ ကျောက်မဲ လမ်းပိုင်းမှာလည်း တိုက်ပွဲတွေပြင်းထန်နေတယ်။ ပြီးတော့ အခုလက်ရှိမှာ တိုက်ပွဲဖြစ်နေတဲ့ နောင်ချို-တောင်ခမ်း လမ်းပိုင်းနဲ့ နောင်ချို-ရပ်စောက် လမ်းပိုင်း တော်တော်များများကို စစ်ကောင်စီဘက်ကနေ ပြီးတော့ ထိန်းချုပ်ထားလိုက်နိုင်ပြီးလို့တော့ သိထားရပါတယ်”ဟု ၎င်းက ပြောသည်။
နှစ်ဖက်တိုက်ပွဲများကြောင့် နောင်ချိုမြို့နယ်အတွင်းရှိ လက်ပန်ကုန်းရွာ၊ သရက်ကုန်းရွာ၊ ဉာဏ်တောရွာ၊ ရွေသွန်းရွာ၊ လုံဝယ်ရွာ၊ အုမ္မသီးကျေးရွာ နှင့် ဆမ္မဆယ်ကျေးရွာများမှ ထောင်နှင့်ချီသည့် ဒေသခံများ ဇွန် ၂၀ ရက် နေ့မှစ၍ ဘေးလွတ်ရာနေရာများသို့ စစ်ဘေးတိမ်းရှောင်နေကြရသည်။
အဆိုပါ စစ်ဘေးရှောင်များအတွက် မိုးရာသီဖြစ်၍ အမိုးအကာများနှင့် နေရာထိုင်ခင်းများလည်း အရေးပေါ် လိုအပ်နေသည်ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF)မှ ပြောရေးဆိုခွင့်ရှိသူ ယိန်းလျန်းဟန်က ယခုလို ပြော သည်။
“ဒေသခံစစ်ဘေးရှောင်တွေကတော့ ထောင်ချီပြီးရှိနေတယ်။ စာရင်းအတိအကျတော့ မရရှိသေးဘူး။ ဘာလို့ လည်းဆိုတော့ သူတို့တွေက အမျိုးတွေရဲ့ အိမ်တွေမှာ နေကြတာတွေလည်းရှိသလို ဘေးလွတ်ရာ နေရာတွေ ကိုလည်း ထွက်ပြေးတိမ်းရှောင်နေကြတာတွေ ရှိနေတယ်။ အဓိက ကတော့ မိုးရာသီဖြစ်တဲ့အအတွက် စားနပ် ရိက္ခာတွေအပြင် ဒီဘက်တွေက ခြင်တွေလည်းများတဲ့အတွက် အမိုးအကာတွေနဲ့ ခြင်ထောင် အဓိက လိုအပ် နေပါတယ်” ဟု ၎င်းက ဇွန် ၂၃ ရက်နေ့တွင် ပြောသည်။
ပြီးခဲ့သည့် ဇွန် ၂၀ ရက် မနက် ၆ နာရီ ၁၅ မိနစ်တွင်လည်း ပိန္နဲကုန်းကျေးရွာနှင့် ညဏ်တောကျေးရွာကြားတွင် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အဆိုတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး ၁၃ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သည်။
ထို့အပြင် သရက်ကုန်းကျေးရွာနှင့် ကန်ကြီးကျေးရွာများအား ည ၈ နာရီ ခွဲကျော်တွင် လက်နက်ကြီး ၂၀ လုံး၊ ဒရုန်းနှင့် ဗုံး ၁၁ လုံးကြဲချ တိုက်ခိုက်ခဲ့ကြောင်း TNLA က ဇွန် ၂၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
အဆိုပါ TNLA ၏ ထုတ်ပြန်ချက်၌ ညီနောင်မဟာမိတ် ၃ ဖွဲ့က ငလျင်ဘေးသင့်ပြည်သူများအတွက် လူသားချင်း စာနာထောက် ထားရေး လုပ်ငန်းများဆောင်ရွက်နိုင်နိုင်ရန် အပစ်ရပ်စဲထားချိန်တွင် စစ်ကောင်စီတပ်က ထိုးစစ် ဆင်မှုများ ဆက်လက်လုပ်ဆောင်နေသည်ဟု ဖော်ပြထားသည်။