Home သတင်း ညောင်တုန်း ကရင်လူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း၏ (၁၀)နှစ်ပြည့် အထိမ်းအမှတ်ပြုလုပ်ခဲ့

ညောင်တုန်း ကရင်လူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း၏ (၁၀)နှစ်ပြည့် အထိမ်းအမှတ်ပြုလုပ်ခဲ့

305
Photo- Cj

ဇွန်လ ၉ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ညောင်တုန်းမြို့နယ်၏ ကရင်လူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(KYDA) ဖွဲ့စည်းတည်ထောင်ခြင်း (၁၀) နှစ်ပြည့် အခမ်းအနားကို ယမန်နေ့ ဇွန်လ (၈) ရက်နေ့တွင် ညောင်တုန်း‌မြို့နယ်၊ ဖေါင်ရိုးချောင်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ကရင်စာပေနှင့် ရိုးရာယဉ်ကျေးမှု အမွေအနစ်များ ထိန်းသိမ်းမြှင့်တင်ရန် နှင့် ကရင်လူငယ်များအတွက် ပညာရေး နှင့် ဖွံ့ဖြိုးရေး စွမ်းရည်မြင့်တင်မှု လုပ်ငန်းများကို လုပ်ဆောင်ပေးရန် ရည်ရွယ်ဖွဲ့စည်းခဲ့သည့် KYDA သည် ညောင်တုန်းမြို့နယ်အတွက် အရေးပါသည့် လူငယ်အဖွဲ့အစည်းတစ်ခုဖြစ်သည်။

KYDA စတင် ဖွဲ့စည်းချိန်မှစပြီး နွေရာသီ ကရင်စာပေသင်တန်းများ၊ ကရင်အမျိုး သားနေ့ထူးနေမြတ်များ၊ ဓလေ့ ရိုးရာပွဲတော်များကို အကောင်အထည်ဖော် လုပ်ဆောင်ပေးသလို လူငယ်စွမ်းရည်မြင့်သင်တန်းများ၊ အခြေခံ အင်္ဂလိပ်စာနှင့် ကွန်ပျူတာ သင်တန်းများအပြင် ကရင်လူမျိုးများ၏ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ကို တစိုက်မတ်မတ်လုပ်ဆောင်ခဲ့သည့် အဖွဲ့ဖြစ်သည်။

Photo- Cj

ယမန်နေ့က ပြုလုပ်ကျင်းပခဲ့သည့် အခမ်းအနားကို ပန်းတနော်၊ မအူပင်၊ ကျောင်းကုန်း၊ အိမ်မဲ နှင့် မြောင်းမြ အစရှိသည့် မြို့နယ်များမှ ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့မှ စာယဉ်ကိုယ် စားလှယ်များ၊ ကရင်လူငယ် အဖွဲ့အများလည်း ပါဝင်တက်ရောက်ခဲ့ကြသည်။

အခမ်းအနားမှာ ဧရာဝတီတိုင်းဒေသကြီး ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်း ဒု-ဥက္ကဌ မန်းဝင်းမောင် နှင့် ဧရာဝတီ ကရင်လူငယ်ဦးဆောင်ကော်မတီမှပေးပို့သောဂုဏ်ပြု သဝဏ်လွှာများကို ဖတ်ကြားခဲ့ပြီး မြို့နယ် အသီးသီးမှ စာ/ယဉ်အဖွဲ့ခေါင်းဆောင်များက KYDA ၏ ၁၀ နှစ်ပြည့် အထိမ်းအမှတ် ဂုဏ်ပြု အမှတ်တရစကားများ ပြောဆိုခဲ့ကြသည်။

၎င်းအပြင် KYDA ၏ အလုပ်အမှုဆောင်အဖွဲ့များကို ပြန်လည် ရွေးချယ်ခဲ့ကြပြီး အမျိုးသားအလံတော်ရှေ့ တွင် ကတိသစ္စာခံယူခြင်းကိုလည်း ပြုလုပ်ခဲ့ကြသည်။ ညောင်တုန်းမြို့နယ် ကရင်လူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း (KYDA)ကို ၂၀၁၅ ခုနှစ် မေလ (၁၉) ရက်နေ့တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။