ဇွန် ၉၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကျုံဒိုးမြို့နယ်၊ အုန်းတစ်ပင်ရွာနှင့် ရေပူကြီးကျေးရွာ၌ စစ်ကောင်စီက ဇွန် ၇ ရက်နေ့တွင် လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခြင်း၊ လက်နက်ကြီး ပစ်ခတ်ခြင်းများကြောင့် စစ်ဘေးမရှောင်ဘဲ အိမ်စောင့် ကျန်ရစ်ခဲ့သူ အမျိုးသား ၁ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိ သွားသည်။
ကော့ကရိတ် အခြေစိုက် စစ်ကောင်စီ စကခ-၁၂ ဌာနချုပ်က ဇွန် ၇ ရက်နေ့တွင် ရေပူရွာသို့ လက်နက်ကြီး ပစ်ခတ်ခဲ့ရာ ရွာတွင် အိမ်စောင့်ကျန်ခဲ့သူ အမျိုးသား တစ်ဦး လက်နက်ကြီးစထိမှန် သေဆုံးခဲ့ပြီး ကျန်တစ်ဦး ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်ဟု မြေပြင်သတင်းရင်းမြစ်က ယခုလို ပြောသည်။
“ကော့ကရိတ် စကခ ၁၂ က ပစ်တဲ့ လက်နက်ကြီးက ရေပူ ရွာထဲကျတယ်၊ တစ်ယောက် သေတယ်၊ တစ်ယောက် ဒဏ်ရာရတယ်။ နောက် ကျုံဒိုး အုန်းတစ်ပင်ရွာကို လေယာဉ် Y12 လာကြဲတာက ၄ ယောက် ဗုံးကြီး အစထိတယ်။ တစ် ယောက်ကတော့ အသက်စိုးရိမ်ရတယ်” ဟု ကျုံဒိုးတိုက်ပွဲအတွင်း အရပ်သား သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေကို ၎င်းက ပြောသည်။
ထို့အပြင် ဇွန် ၈ ရက်နေ့ ညနေ ၄ နာရီ ကျော်ချိန်တွင် ကျုံဒိုး ခမရ-၅၄၅ အနီးသို့ တော်လှန်ရေးတပ်များပစ်သည့် ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်ဘက်မှ ဆေးဗိုလ်တစ်ဦး ထိမှန်သေဆုံးခဲ့သည်ဟု စစ်မြေပြင် သတင်းရင်းမြစ်က ပြောသည်။
“အခု ဇွန် ၆ ရက်ကစပြီး ကျုံဒိုး၊ ခမရ ၅၄၅/၅၄၆တပ် ကစစ်ကြောင်းတွေက ဒရုန်းတပ်၊ လက်နက်ကြီးတပ်တွေနဲ့ စစ်ကြောင်း ၃ ကြောင်းပေါ့ သူတို့ အင်အား ၅၀၀ လောက်ရှိမယ်၊ ကျုံဒိုး-ကော့ကရိတ် လမ်းပိုင်း ပြန်သိမ်းဖို့တိုက် တာ။ အုန်းတစ်ပင်၊ ကော့ကမာ၊ ၇ တိုင်၊ ၉ တိုင်ရွာဘက်မှာ KNLA /PDF ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲဖြစ်နေတာ ဒီမနက်အထိ ပါဘဲ” ဟု ပူးပေါင်းတပ် ရှေ့တန်းသတင်းရင်းမြစ်က ပြောသည်။
ထို့အပြင် ကော့ကရိတ် စကခ-၁၂ ဌနချုပ် ဘက်မှ ကျုံဒိုးလမ်းပိုင်းသို့ အင်အား ၁၀၀ ခန့်ဖြင့် စစ်ကူစစ်ကြောင်း တပ်ဖြန့် တိုက်ခိုက်နေပြီး ၆ လုံးတွဲ ရော့ကက် မစ်ဇိုင်းဒုံးများ၊ ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခြင်းများ လုပ်ဆောင် တိုက်ခိုက် ပစ်ကူပေးနေသည်ဟု ၎င်းက ဆက်ပြောသည်။
စစ်ကောင်စီက စစ်ကြောင်းထိုး တိုက်ခိုက်မှု ပြုလုပ်နေစဉ်အတွင်း အုန်းတစ်ပင်ကျေးရွာ မူလတန်းကျောင်းနှင့် လူ နေအိမ် ၂ လုံးကို မီးရှို့ဖျက်ဆီးသွားသည်ဟု ဒေသခံများထံမှ သိရသည်။



















