Home သတင်း စစ်ကောင်စီဖမ်းဆီးခဲ့သော လိပ်သို-တောင်ငူလမ်းသွားလာသူ ၁၁ ဦးအနက် ၇ ဦး အသတ်ခံလိုက်ရ

စစ်ကောင်စီဖမ်းဆီးခဲ့သော လိပ်သို-တောင်ငူလမ်းသွားလာသူ ၁၁ ဦးအနက် ၇ ဦး အသတ်ခံလိုက်ရ

1025
Photo: CJ

ဇွန် ၉ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ပြီးခဲ့သည့်မေလက ထုံးဘိုကြီးရွာဘက်ရှိ စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှ ဖမ်းဆီးလိုက်သော လိပ်သို-သံတောင်-တောင်ငူလမ်းပိုင်းအသုံးပြုသွားလာသူ ဒေသခံအရပ်သားအပါအဝင် အမျိုးသား ၁၁ ဦးအနက် ၇ဦး သတ်ဖြတ်ခံလိုက်ရကြောင်း အခြေအနေကို သိထားသော ကေအိုင်စီသတင်းအရင်းအမြစ်မှ သိရသည်။

ထုံးဘိုကြီးရွာနားဝန်းကျင် တပ်ဖြန့်လုံခြုံရေးယူနေသော စစ်ကောင်စီမှ အကြောင်းအမျိုးမျိုးကြောင့် အဆိုပါလမ်းမကြီးပေါ် သွားလာသူ အမျိုးသား (၁၁)ဦးအား တော်လှန်ရေးတက်ကြွလှုပ်ရှားသည့် သံသယဖြင့် ထုံးဘိုကြီးစစ်တပ်စခန်းနှင့်အနီးတစ်နေရာတွင် မေလနောက်ဆုံးအပတ်က ဖမ်းဆီးချုပ်နှောင်ထားခဲ့ပြီး (၂)ဦးကို ပြန်လွှတ်၍ (၇)ဦးအား သတ်ဖြတ်ပစ်လိုက်သည်ဟု ဆိုသည်။

“ထုံးဘိုကြီးစခန်းထဲမှာ ဖမ်းထည့်ထားတာတော့မဟုတ်ဘူး။ စခန်းအပြင်မှာပဲ ဖမ်းခံထားရတဲ့လူတွေကို လက်ပြန်ကြိုးတုပ်ပြီးထားတာ။ အဲဒီထဲက ၂ ယောက်ကိုတော့ ပြန်လွှတ်တယ်။ သူတို့လွှတ်တဲ့နေ့မှာပဲ ကျန်တဲ့ ၇ ယောက်အထိ ဖျောင်ပစ်လိုက်ပြီးပြီ။ ပထမဆုံးအသတ်ခံရတာ ၂ ယောက်၊ နောက် ၃ ယောက်။ နောက်နေ့ကျ ၂ ယောက်ထပ် အသတ်ခံရတယ်။” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ သတင်းအရင်းအမြစ်က ပြောသည်။

ထုံးဘိုကြီးရွာလမ်းနံဘေးတွင် စစ်ကောင်စီဖမ်းဆီးသွားသည့် ဒေသခံများအနက် အမျိုးသား ၂ ဦး၏အလောင်းကို သေဆုံးလျက်တွေ့ရှိခဲ့ရကြောင်းလည်း လိပ်သိုနယ်ခံလမ်းသွားလမ်းလာအချို့၏ ပြောပြချက်ကို ကိုးကားပြီး ကေအိုင်စီမှ ဇွန်လ(၃)ရက်နေ့က ထည့်သွင်းသတင်းဖော်ပြဖူးသည်။

၎င်းတို့ ၂ ဦးအပါအဝင် ဖမ်းဆီးထိန်းသိမ်းခဲ့သူများအား စစ်ကောင်စီက မသတ်ခင် အကြမ်း ဖက်နှိပ်စက်ခြင်း၊ စစ်တပ်စစ်ကြောင်းလှည့်ရာရာတွင် လိုက်ပါစေကာ လူသားဒိုင်းအနေဖြင့် ပြုလုပ်ခြင်းတို့ လုပ်ဆောင်ခဲ့ကြောင်း မျက်မြင်တွေ့ရသည့် ခိုင်လုံသော သတင်းအရင်းအမြစ်က ဆိုသည်။

“ပြီးခဲ့တဲ့ အင်္ဂါနေ့( ဇွန်လ ၃ ရက်နေ့)ကတော့ နှစ်ယောက် ပြန်လွတ်လာပြီ။ သူတို့ခြေထောက်တွေ လက်တွေဆို ကြိုးနဲ့တုပ်ပြီး နှိပ်စက်ခံထားရတယ်။ ဖမ်းထားတုန်းကလည်း သူတို့ စစ်တပ်နဲ့လိုက်ခိုင်းတာရှိတယ်။ လူသားဒိုင်းလိုလုပ်တဲ့သဘောပေါ့” ဟု အဆိုပါ သတင်းအရင်းအမြစ်က ကေအိုင်စီသို့ ပြောသည်။

စစ်တပ်က တော်လှန်ရေးတက်ကြွလှုပ်ရှားမှု သံသယဖြင့်ဖမ်းဆီးနှိပ်စက်ပြီးမှ သတ်ဖြတ်ခံလိုက်ရသူများတွင် လက်နက်ကိုင်မဟုတ်သည့် လိပ်သိုဒေသနေ အရပ်သားအချို့ပါ ပါဝင်နေကြောင်း ကေအဲန်ယူ တပ်မဟာ(၂) တောင်ငူခရိုင်၏ ခရိုင်အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူအချို့က အခိုင်အမာဆိုသည်။

ကေအဲန်ယူ တပ်မဟာ(၂)ထိန်းချုပ်သည့် တောင်ငူခရိုင်အတွင်း လုံခြုံရေးနှင့်ပဋိပက္ခကြောင့် အဆိုပါ လိပ်သို-သံတောင်-တောင်ငူ လမ်းမကြီးကို မေလ ၁ ရက်နေ့မှစပြီး ကေအဲန်ယူဘက်က သွားလာခွင့်ပိတ်ပင်ခဲ့သည်။ ယခုရက်ပိုင်း လမ်းပြန်ဖွင့်သည့်သတင်းများထွက်နေသော်လည်း ကေအိုင်စီအနေဖြင့် အတည်ပြုဆဲဖြစ်သည်။

လမ်းပိတ်ထားသည့်တစ်လကျော်ကာလအတွင်း ယခုလို ကျောင်းဖွင့်ချိန်၊ ရာသီသီးနှံပေါ်ချိန်နှင့် အခြေခံစားနပ်ရိက္ခာဝယ်ယူရရှိရေးအတွက်မူ ကုန်သွယ်သွားလာရေး အဓိကအားထားနေရသည့် ထိုလမ်းပေါ်၌ အရဲစွန့်သွားလာသူအနည်းစု ရှိခဲ့သည်။

ပြီးခဲ့သည့် မေလနောက်ဆုံးအပတ်ကလည်း သံတောင်ကြီးမြို့နယ်တွင် နေထိုင်သည့် ဒေသခံ အမျိုးသားနှစ်ဦး တောင်ငူသို့ဆိုင်ကယ်ဖြင့်သွားသည့်လမ်းခုလတ်နေရာ၌ စစ်ကောင်စီ တပ်ဖွဲ့များနှင့်တိုးပြီး သေနတ်ပစ်ခတ်ခံရသဖြင့် တစ်ဦးသေဆုံး၊ တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။