Home သတင်း မဲဆောက်တွင် ဘက်ထ္ထရီသုံး E-Bike ဖမ်းဆီးနေ

မဲဆောက်တွင် ဘက်ထ္ထရီသုံး E-Bike ဖမ်းဆီးနေ

494
Photo-Social Media

ဇွန် ၉၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာ နယ်စပ်၊ တာခ့်ခရိုင်၊ မဲဆောက်မြို့၌ ဘထ္ထရီသုံး E-Bike များကို ထိုင်းယာဉ်ထိန်းရဲတပ်ဖွဲ့က ဖမ်းဆီးမှု ဆက်တိုက် ပြုလုပ်နေသည်ဟု ရွှေ့ပြောင်းမြန်မာ အလုပ်သမားများက ပြောဆိုသည်။

ရွှေ့ပြောင်း မြန်မာလုပ်သားများ အဓိက အသုံးပြုလျက်ရှိနေသည့် E-Bike ဖမ်းဆီးမှုများကို ယခုနှစ် ဇွန်လ ပထမ အပတ်မှ စ၍ ယနေ့နံနက်ပိုင်းအထိ ဖမ်းဆီးနေပြီး အရည်အသွေး မပြည့်မှီသည့် E-Bike များကို တစ်ခါတည်း ဖမ်းဆီး သိမ်းယူလိုက်သည်ဟု ရွှေ့ပြောင်း အလုပ်သများတဦးက ယခုလို ပြောသည်။

“မဲဆောက်မြို့မှာ တချို့ သွားလာဖို့အတွက် အသုံးပြုနေရတဲ့ E-Bike ကို ရဲတွေက ဖမ်းနေတာကို တွေ့ရတယ်။ မနက်ကဘဲ ကိုယ့်အရှေ့တင် ဖမ်းသွားတာ အများကြီး ရှိနေတယ်။ အခုလို E-Bike စီးတာတွေ အတွက် တရားဝင် ထုတ်ပြန်ထားတာတွေလည်း မရှိဘူး။ အကယ်၍ ဖမ်းခံထိသွားရင်လည်း အနည်းဆုံးတော့ ဒဏ်ငွေဆောင်ရတယ်” ဟု ၎င်းက ပြောသည်။

မဲဆောက်မြို့၌ E-Bike ဖမ်းဆီးမှုကို အဝေးပြေး လမ်းမကြီးနေရာများနှင့် ဈေးများ၊ မြန်မာရွှေ့ပြောင်းလုပ်သားများ အသွားအလာ များသည့် နေရာများ၌ အဓိက ဖမ်းဆီးမှုများကို လုပ်ဆောင်နေပြီး ဖမ်းဆီးရမိပါက ဒဏ်ငွေ ဘတ် ၁,၀၀၀ မှ ၃,၀၀၀ ဘတ် အထိ ပေးဆောင်ရသည်ဟု ဖမ်းဆီးခံရသူများက ပြောသည်။

“စည်းကမ်း လိုက်နာလည်း ဖမ်းဆီးခံရတာတွေ ရှိတယ်။ E-Bike စီးတဲ့အချိန် ဦးထုပ်ဆောင်းထားလည်း ထိုင်း ပလိတ်တွေနဲ့ ထိပ်တိုက်တိုးရင် ဖမ်းတာဘဲ။ အရင်အပတ်တွေတုန်းကတော့ ဒီမဲဆောက်မြို့က Mega Home ကုန်တိုက် တဝိုက်မှာ ဖမ်းနေတာတွေရှိပေမဲ့ ဒီလိုရက်တွေမှာတော့ နေရာအစုံမှာ ဖမ်းဆီးတင်းကြပ် တာတွေကို ပိုပြီး လုပ်ဆောင်လာတာ တွေ့ရတယ်” ဟု ၎င်းက ပြောသည်။

ထို့အပြင်မဲဆောက်မြို့ရှိ အဝေးပြေးလမ်းမကြီးများတွင် E-Bike စီးနင်းသူများ ယခင်ကထက် များပြား လာပြီး မကြာခဏ ယာဉ်မတော်တဆမှု ဖြစ်ပွားမှုများလာ၍ ထိုင်းအာဏာပိုင်များက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာရန်နှင့် မလိုက်နာသူများကို ထိထိရောက်ရောက် အရေးယူသွားမည်ဟု သိရသည်။