Home သတင်း ငလျင်ကြောင့် အိုးဘိုထောင်၌ နိုင်ကျဉ်း ၄၉ ဦးသေဆုံးဟု PPNM ထုတ်ပြန်

ငလျင်ကြောင့် အိုးဘိုထောင်၌ နိုင်ကျဉ်း ၄၉ ဦးသေဆုံးဟု PPNM ထုတ်ပြန်

753
Photo: Social Media & PPNM

ဇွန် ၇၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

မတ် ၂၈ ရက်နေ့ စစ်ကိုင်းငလျင်ကြောင့် မန္တလေးမြို့ အိုးဘိုအကျဉ်းထောင် အဆောက်အအုံပြိုကျပြီး သေဆုံးသူ ၇၀ ဦးကျော်တွင် နိုင်ငံရေး အကျဉ်းသူ၊ အကျဉ်းသား ၄၉ ဦး ပါဝင်သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်း သားများ ကွန်ရက်-PPNM က ဇွန် ၇ ရက်နေ့တွင် ထုတ်ပြန် ပြောသည်။

ယခုလို ငလျင်ကြောင့် အိုးဘိုထောင်၌ နိုင်ကျဉ်းများအပါအဝင် အကျဉ်းသား ၇၀ ဦးကျော်သေဆုံးခဲ့သည်ကို စစ်ကောင်စီက သတင်းမထုတ်ပြန်ဘဲ သတင်းအမှောင်ချထားသည်ဟု PPNM က ပြောသည်။

ထောင်အဆောက်အအုံ ပြိုကျပြီး သေဆုံးခဲ့သည့် နိုင်ငံရေး အကျဉ်းသူ၊ အကျဉ်းသားများ၏ နာမည်စာရင်း ပုဒ်မများနှင့်တကွ PPNM ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး ယခုလို အကျဉ်းသားများ သေဆုံးသည်ကို ထောင်အပြင်ရှိ ပြည်သူများ၊ နိုင်ငံတကာအဖွဲ့အစည်းများက ကူညီကယ်ဆယ်ရေး၊ ထောက်ပံ့မှုများ လုပ်ပေးနိုင်မည်ဖြစ်သော် လည်း သတင်းဖုံးထား၍ မလုပ်ဆောင်နိုင်ဖြစ်ခဲ့သည်ဟု သိရသည်။

ယခုလို သတင်းဖုံးထား၍ အပြင်ရှိ မိသားစုဝင်များ မိဘပြည်သူများကလည်း ဖြစ်စဉ်အခြေအနေအမှန်ကို မသိခဲ့၍ ရက်လည်ဆွမ်းကျွေး မပြုလုပ်ရသေးကြောင်း စုံစမ်းသိရသည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

Photo: Social Media & PPNM

“နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ လည်း မြန်မာငလျင်ကို အာရုံစိုက်လုပ်ဆောင်ပေးနေသလို အကျဥ်းထောင် တွေကိုလည်း ချန်မထားဖို့ အထူးအာရုံစိုက်ပြီးတော့ ထိရောက်တဲ့ ကူညီလုပ်ဆောင်မှုတွေ လုပ်ပေးကြဖို့ ကျနော် တို့ အဓိက တိုက်တွန်းချင်တယ်” ဟု PPNM ၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ဧပြီလအတွင်းက ပြောဆို ဘူးသည်။

လက်ရှိ အိုးဘိုအကျဉ်းထောင်အတွင်းရှိ နိုင်ငံရေး အကျဉ်းသားများ အပါအဝင် အကျဉ်းသားများသည် ထောက်ပံ့ ကူညီမှု များစွာလိုအပ်နေပြီး လူ့အခွင့်အရေးနှင့်တရားမျှတမှုကို ဖော်ဆောင်နေကြသည့် အဖွဲ့အစည်းများအနေ ဖြင့် ထောက်ပံ့မှုများ ဆောင်ရွက်ပေးစေလိုသည်ဟု PPNM က တောင်းဆိုထားသည်။

ပြင်းအား ၇.၇ ရစ်ချ်တာစကေးရှိ စစ်ကိုင်းငလျင်ကြောင့် ဟောင်းနွမ်းနေသည့် အကျဉ်းထောင် အဆောက်အအုံ ထဲ၌ လူထူထပ်စွာထားရှိ၍ ယခုလို အစုလိုက်အပြုံလိုက် အကျဉ်းသူ၊ အကျဉ်းသားများ သေဆုံးခဲ့ရခြင်း ဖြစ်သည် ဟု အဆိုပါ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အဆိုပါငလျင်ကြောင့် အိုးဘိုအကျဉ်းထောင်၌ အကျဉ်းသား ၃၀ ဦးကျော် သေဆုံးခဲ့သည်ဟု PPNM က ဧပြီ ၂၀ ရက်နေ့တွင် ကနဦး ထုတ်ပြန်ထားကြောင်း သိရသည်။