“စစ်အာဏာရှင်တွေနဲ့ ဘယ်သောအခါမှ တွေ့ဆုံဆွေးနွေးမှုတွေ ရှိမှာမဟုတ်ဘူး”
ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး၊ ပြောရေးဆိုခွင့်ရှိသူ ပဒိုကလယ်စေးနှင့် တွေ့ဆုံ မေးမြန်းခြင်း
လက်ရှိ ပြည်တွင်း၌ စစ်ရေးပြင်းထန်နေသည့် ကြားမှ ရွေးကောက်ပွဲ ပြုလုပ်ရန် ပြင်ဆင်နေသည့် နိုင်ငံရေးအခြေ အနေ၊ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ နိုင်ငံရေး၊ စစ်ရေး ရည်မှန်းချက်များ။ မဟာမိတ် မူဝါဒချမှတ် လုပ်ဆောင်နေမှု၊ ပြည်နယ်အတွင်း စစ်ရေးမြင့်တက်လာမှု စသည့်တို့နှင့် ပတ်သက်၍ အများပြည်သူ သိသင့်သည့် မူဝါဒ၊ သဘောထား၊ ရပ်တည်ချက်များအပေါ် ကေအဲန်ယူ(ဗဟို)ပြောရေးဆိုခွင့်ရှိသူ ပဒိုကလယ်စေးနှင့် တွေ့ဆုံ မေးမြန်း ထားသည်များကို ပြန်လည် ဖော်ပြလိုက်ပါသည်။
မေး။ ။ လက်ရှိမှာ စစ်ကောင်စီရဲ့ ပြည်တွင်းနိုင်ငံရေးအခြေအနေကို သုံးသပ် ပေးပါ။
ဖြေ။ ။ အခုလက်ရှိ ပြည်တွင်းနိုင်ငံရေး အခြေနေကတော့ စစ်ကောင်စီ အဖက်ဖက်က ကျဆုံးနေတဲ့ အခြေအနေ လည်းဖြစ်တယ်။ ကျရူံးနေတဲ့အချိန်မှာ စစ်ရေးအရတော့ ကျနော်မပြောတော့ဘူး။ တိုက်ခိုက်ရေးဆိုင်ရာ ပွဲတွေမှာ ဆိုရင် အမြဲတမ်းကျရူံးနေတာ ဖြစ်တဲ့အတွက် ကျနော်တို့ ထွေထွေထူးထူး ပြောစရာမလိုဘူး။
သို့သော် ကျနော်တို့ နိုင်ငံရေး အခြေနေကို ပြောရလိမ့်မယ်။ နိုင်ငံရေး အခြေနေမှာ စစ်တပ်ရဲ့အဓိက ကြိုးစားဆောင်ရွတ်မှုတွေက ပြည်ပရဲ့ အားကို ရယူဆောင်ရွက်နိုင်ဖို့အတွက် နိုင်ငံတကာကိုလှည့်စားနိုင်ဖို့ဆိုတဲ့ ပြည်တွင်းရွေးကောက်ပွဲကို ပြောရပါလိမ့်မယ်။
ပြည်တွင်းရွေးကောက်ပွဲအခြေနေက အကြိမ်ကြိမ်ရွှေ့ဆိုင်းခဲ့ရတာတွေ ရှိတယ်။ ပါဝင်တဲ့ပါတီ နိုင်ငံရေးအဖွဲ့တွေ လည်း အကြိမ်ကြိမ် နိုင်ငံရေးအခက်အခဲတွေ တွေ့ခဲ့တယ်။ မဖြစ်နိုင်တဲ့ အခြေနေမျိုးတွေကိုလည်း သူတို့ရင်ဆိုင် နေရတဲ့ အချိန်မှာ ရွှေ့ဆိုင်းခဲ့ရတယ်။ အခုနောက်ဆုံးတစ်ကြိမ်မှာ ရွေးကောက်ပွဲကို ပြန်ပြီး ကျင်းပဖို့အတွက် ဆိုပြီးပြောတယ်။ သို့သော် ပြန်ပြီးကြည့်လိုက်ရင် မဲရုံအနေအထားတွေ ဒါတွေကဘယ်လိုမှ နိုင်ငံတကာ မျက်နှာစာ မှာ ဂုဏ်သိက္ခာ ရှိတဲ့ရွေးကောက်ပွဲကို ဘယ်လိုမှ ရနိုင်မယ် မဟုတ်ဘူး ဆိုတာကို ကျနော်တို့ ပြောလို့ရတယ်။
ဒီလိုမျိုးအကြိမ်ကြိမ်ရွေးကောက်ပွဲကို တရားဝင်မှုကြိုးစားဖို့အတွက် ရွေးကောက်ပွဲကိုလုပ်တဲ့အခါမှာလည်း၊ နိုင်ငံ တကာနဲ့ ကတိကဝတ်ပေးခဲ့တာတွေ ရှိပါတယ်။ အဲ့ဒီကတိကဝတ်တွေကလည်း အကြိမ်ကြိမ် အကောင်အထည် မဖော်နိုင်ခဲ့ဖူးဆိုတော့ အာဆီယံနိုင်ငံတချို့တောင်မှ သူတို့ကို ထောက်ပြဝေဖန်မှုတွေ ရှိလာပါတယ်။ ဒါကတော့ စစ်ကောင်စီဘက်က ကြိုးစားဆောင်ရွက်မှုတွေသည် နိုင်ငံရေးအရ ကြိုးပမ်းဆောင်ရွက်မှု သော်လည်းကောင်း စစ်ရေးအရ ကြိုးပမ်းဆောင်ရွက်မှု သော်လည်းကောင်း ဘယ်လိုမှ အောင်မြင်မှု မရရှိနိုင်ဘူးဆိုတာကို ကျနော်တို့ တွေ့ရှိ ရပါတယ်။
မေး။ ။ KNU ရဲ့ နိုင်ငံရး စစ်ရေး ရည်မှန်းချက်က ဘာဖြစ်မလဲ ။ ဒါနဲ့ ပါတ်သတ်ပြီး ဘာများ ပြတ်ပြတ်သားသား ပြောနိုင်မလဲ ။
ဖြေ။ ။ ကျနော်တို့ရဲ့ အဓိကရည်မှန်းချက်က ကျနော်တို့အမြဲတမ်း ထုတ်ဖော်ပြောဆိုလေ့ရှိပါတယ်။ တိတိကျကျ ပြောရမယ်ဆိုရင် တန်းတူအခွင့်အရေး ရရှိနိုင်ဖို့ရယ်၊ ဖိနှိမ့်ခံဘဝက လွတ်မြောက်ဖို့ ဆိုတာကကျနော်တို့ရဲ့ နံပတ် (၁) ရည်ရွယ်ချက် ဖြစ်ပါတယ်။ နောက်တစ်ခုက ကျနော်တို့ လွတ်မြောက်ပြီး ဆိုတာနဲ့ အခြားသောတိုင်းရင်းသား တွေလည်း လွတ်မြောက်စေရမယ်ဆိုတဲ့ ရည်မှန်းချက်ထဲမှာ ပါဝင်ပါတယ်။ ဒါက ကျနော်တို့ ကေအဲန်ယူ- ကရင် အမျိုးသား အစည်းအရုံးရဲ့ နိုင်ငံရေးရည်မှန်းချက်တွေ ဖြစ်ပါတယ်။
စစ်ရေး ရည်မှန်းချက်ကတော့ ကျနော်တို့အမြဲထိန်း ထုတ်ဖော် ပြောဆိုလေ့ ရှိပါတယ်။ ကျနော်တို့ရဲ့ဒေသ အထဲမှာ နိုင်ငံအထဲမှာ အာဏာရှင်စစ်တပ်ကို တွန်းထုတ်ဖို့ဆိုတာက ကျနော်တို့ရဲ့အဓိက စစ်ရေးရည်မှန်းချက် ကာလတို ရည်မှန်းချက် ဖြစ်ပါတယ်။ ကာလရှည် ရည်မှန်းချက်မှာကတော့ စစ်အာဏာရှင် ချုပ်ငြိမ်းရေးအတွက် အမြဲတမ်း ထုတ်ဖော်ပြောဆိုထားတာတွေလည်း ရှိပါတယ်။ အခုချိန်ထိလည်း ကျနော်တို့ စစ်ရေးရည်မှန်းချက်အတိုင်း သွား နေတယ် ဆိုတာကို ပြောပြချင်ပါတယ်။
မေး။ ။ စစ်ကောင်စီဘက်က တွေ့ဆုံဆွးနွေးရေးနဲ့ ပါတ်သတ်ပြီး လမ်းဖွင့်ထားတယ်လို့ အကြိမ်ကြိမ်ပြောဆို ဝါဒ ဖြန့်တာမျိုးတွေ့ရတယ် ။ စစ်ကောင်စီဘက်က တွေ့ဆုံဆွးနွေးရေးနဲ့ ပါတ်သတ်ပြီး ကမ်းလှမ်းမှုတွ အပေါ် KNU ဘက်က ဘယ်လို ရှု့မြင်ပါလဲ ။ KNU ရဲ့ သဘောထားက ဘယ်လိုရှိပါလဲ ။
ဖြေ။ ။ ကျနော် တိုတိုလေးဘဲပြောရမယ်ဆိုရင် ဒါတွေက လှည့်စားမှုတစ်ခုလို့ ပြောလို့ ရပါတယ်။ ဘာကြောင့် လည်းဆိုရင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဘက်ကလည်းဘဲ ဒီလိုမျိုးကမ်းလှမ်းမှုတွေ အကြိမ်ကြိမ် ရရှိခဲ့ ပါတယ်။ ဒါတွေက ပြီးခဲ့တဲ့ကာလတွေတုန်းက ဖြစ်တယ်။ အခုချိန်မှာ ကျနော်တို့ကို ကမ်းလှမ်းလာခဲ့တာတွေ ရှိသော်လည်း ကျနော်တို့ဘက်က စိတ်ဝင်စားမှုတော့ ရှိမှာမဟုတ်ဘူး။
ကျနော်တို့ဆောင်ရွက်ခဲ့တဲ့ တွေ့ဆုံဆွေးနွေးမှုအကြိမ်ပေါင်းများစွာ ရှိနေပြီးဆိုတာကိုလည်း ထက်လောင်းပြီးတော့ အသိပေးလိုတယ်။ တွေ့ဆုံမှုတွေအားလုံးသည် လှည့်စားမှုတစ်ခုသာ ဖြစ်တဲ့အတွက် ဒါကိုတိတိကျကျ ကြုံတွေ့ ခဲ့ရတယ်။ တိတိကျကျနားလည်ခဲ့ရတယ် ဆိုတာကို ပြည်သူတွေကို အသိပေးလိုတယ်။ ကျနော်တို့ရဲ့သဘောထား ကတော့ ဒီလိုအချိန်မှာတွေ့ဆုံဆွေးနွေးပွဲဆိုတာ လုံးဝမဖြစ်နိုင်တော့ဘူး၊ ဆိုတာကို ပြတ်ပြတ်သားသားပြောချင်ပါ တယ်။
မေး။ ။ လက်ရှိမှာ စစ်ကောင်စီဘက်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ လိုက်ပြီး ညှိနှိုင်းတာမျိုးတွေ ရှိနေတယ် ။ KNU နဲ့ ညှိနှိုင်းတာမျိုး ရှိလား ။ ဘယ်လို အခြေအနေ ရှိလဲ။
ဖြေ။ ။ လောလောဆယ်ကတော့ ကျနော်တို့အနေနဲ့ ညှိနိူင်းဖို့ ပြောဆိုထားတာတွေ မရှိသလို ကျနော်တို့ရဲ့ သဘောထား မှာလည်း စစ်အာဏာရှင်တွေနဲ့ ဘယ်သောအခါမှ တွေ့ဆုံဆွေးနွေးမှုတွေ ရှိမှာမဟုတ်ဘူးဆိုတာကို ပြောကြား ချင်ပါတယ်။
မေး။ ။ လက်ရှိမှာ စစ်ကောင်စီရဲ့ ကစားကွက်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို ကိုယ်ပိုင် အုပ်ချုပ် ခွင့် ဒေသတွေပေးပြီ ညှိနှိုင်းနေတယ်လို့ နားလည်ရလား ။ ဘယ်လို သဘောမျိုးလဲ ။ ဒီအပေါ် ဘယ်လို နားလည် လို့ ရမလဲ ။
ဖြေ။ ။ စစ်ကောင်စီမှာက အခုလို ကိုယ်ပိုင်အုပ်ချုပ်ရေး ပေးပိုင်ခွင့်တွေ မရှိပါဘူး။ ၂၀၀၈အခြေခံဥပဒေအရသူတို့ က ပေးပိုင်ခွင့် မပြုထားပါဘူး။ အဲ့တာကြောင့်ကျနော်တို့ အနေနဲ့ ဒါတွေကသက်သက် ဥပဒေရဲ့ အထက်မှာ သူတို့ ရှိတယ် ဆိုတာကို ဖော်ပြချင်တာလို့ဘဲ ကျနော်တို့ကတော့ ဒီလိုဘဲနားလည် ထားပါတယ်။
မေး။ ။ ကရင် ပြည်နယ်ထဲမှာ ဒီရက်ပိုင်း တိုက်ပွဲတွေ ပိုပြီး ပြင်းထန်လာတယ် ။ ဒါနဲ့ ပါတ်သတ်ပြီး ဘာများ ပြောစရာ ရှိလဲ ။ ဒီအခြေအနေနဲ့ ပါတ်သတ်ပြီး ပြည်သူလူထုနဲ့ တော်လှန်ရေး အဖွဲ့အစည်းတွေကို ဘာများ အသိ ပေးလိုလဲ ။
ဖြေ။ ။ တိုက်ပွဲတွေကတော့ အမှန်တကယ် ပြင်းထန်နေပါတယ်။ ကေအဲန်ယူ- ကရင်အမျိုးသားအစည်း အရုံးနဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေ စုပေါင်းပြီးတော့ စောစောက ကျနော်ပြောတဲ့ ကျနော်တို့ရဲ့ အုပ်ချုပ်တဲ့ စီမံနယ်မြေ ထဲမှာ စစ်အာဏာရှင်ကို တိုက်တွန်းထုတ်ဖို့အတွက် ဆိုတဲ့ဆောင်ရွက်မှုတစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။ အဲ့ဒီစစ်ရေး ရည်မှန်းချက်ရှိနေတဲ့အပေါ်မှာ ကျနော်တို့ ဆက်လက်ပြီးတော့ ကြိုးစားဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ နောက် တစ်ခုက ဒီလိုကာလမျိုးမှာ စစ်အုပ်စုက သူတို့ရဲ့ စစ်ရေးအခြေနေ မကောင်းတဲ့အပေါ်မှာ ပြည်သူတွေကို ပစ်မှတ် ထားလာတာတွေကို တွေ့ရတယ်။
အဲ့တာတွေကတော့ အမြဲတမ်း စစ်အုပ်စုဘက်က ကျင့်သုံးတဲ့ စစ်ရေးဆောင်ရွက်ချက်တစ်ခု ဖြစ်တယ်လို့လည်း ကျနော်တို့ အဲ့လိုနားလည်ထားတယ်။ ကျနော်တို့ အားလုံးကလည်းဘဲ သိရှိထားတာက စစ်အာဏာရှင် အုပ်စုသည် သူမလုပ်ရဲတာဘာမှ မရှိဘူး ဆိုတဲ့ နူတ်ထွက်စကားတွေလည်း ရှိခဲ့တယ်။ ကျနော်တို့ ပြည်သူရော တော်လှန်ရေး အစုအဖွဲ့တွေအားလုံး သတိဝိရိယတွေနဲ့ နေသင့်တယ်လို့ ပြောချင်ပါတယ်။
မေး။ ။ KNU ရဲ့မဟာမိတ်မူဝါဒနဲ့ ပါတ်သတ်ပြီး ရှင်းပြပေးပါဦ ။ လက်ရှိမှာ မဟာမိတ်ပြုထားတဲ့ အခြေအနေက ဘယ်လို ရှိလဲ ။
ဖြေ။ ။ ကျနော်တို့ရဲ့ ဗဟိုဌာနချုပ် မကျခင်တုန်းက တိုင်းရင်းသားမဟာမိတ်အစုအဖွဲ့တွေနဲ့ ဆုံစည်းပြီးတော့ အတူတကွ ရုံးတွေစိုက်ပြီးတော့ အဖိနှိပ်ခံဘဝက လွတ်မြောက်ဖို့အတွက် ကျနော်တို့ရုန်းကန် ခဲ့ကြတယ်။ ဒါက မဟာမိတ်ရဲ့ခေါင်းစဉ်အောက်ကနေ ကျနော်တို့ ကြိုးစားဆောင်ရွက်ခဲ့တယ်။
မဟာမိတ်ဆိုတာက အပြန်အလှန် သဘောတူညီချက် လက်မှတ်ရေးထိုးပြီးတော့မှ သဘောတူညီချက်ထဲမှာ ရှိနေ တဲ့ အရာအားလုံးကို သဘောတူပြီးတော့မှ သေသည်ဖြစ်စေ၊ ရှင်သည်ဖြစ်စေ၊ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည် ဖြစ်စေ၊ ကျနော်တို့နဲ့ ကိုက်ညီသည် ဖြစ်စေ၊ မကိုက်ညီသည် ဖြစ်စေ၊ သဘောတူညီထားတဲ့ အတိုင်းကို လိုက်ပြီး တော့မှ ဆောင်ရွက်မှာ ဖြစ်တယ်။
ဒါက ပြီးခဲ့တဲ့အခြေနေ။ ကျနော်တို့ မာနယ်ပလော ဌာနချုပ်ကြီးကျရူံးသွားတဲ့ နောက်အခြေနေတွေက အင်မတန် ကိုမှ ပြောင်းလဲသွားခဲ့ ကြတယ်။ အစုအဖွဲ့တွေကလည်း ဆုံစည်းဖို့ ခက်ခဲသွားတယ်။
နိုင်ငံတကာရဲ့အခြေအနေ ရော ပြည်တွင်းနိုင်ငံရေး အခြေနေပေါ့နော် အဲ့ဒီအချိန်တုန်းက ဦးသန်းရွှေတို့ ဦးခင်ညွှန့် တို့ လက်ထက်တုန်းက အချိန်မှာ သူတို့ရဲ့နိုင်ငံခြားရေး နိုင်ငံရေးမူဝါဒတွေပေါ့နော် သူတို့ရဲ့ပြုပြင်ပြောင်းလဲလာတဲ့ အပေါ်မှာကျနော်တို့က ပြန်လည်ဆုံစည်းဖို့ နည်းနည်းခက်သွားတယ်ဆိုတဲ့အပေါ်မှာ မဟာမိတ်ဆိုတဲ့ ခေါင်းစဉ် အောက်ကနေ အတူတကွ အလုပ်မလုပ်တော့ဘဲနဲ့ ကျနော်တို့ ဘဝတူတိုင်းရင်းသားတွေ အတူတကွ တိုင်းရင်းသား တော်လှန်ရေး အင်အားစုတွေ၊ ကျန်တဲ့ ဒီမိုကရက်တစ်အင်အားစုတွေ အကုန်လုံးတူတာတွေ တွဲလုပ်၊ မတူတာတွေ ခွဲလုပ်ဆိုတဲ့ မူဝါဒတွေအတိုင်း လက်ရှိမှာ ဆောင်ရွက်နေတာဖြစ်တယ်လို့ ပြောပြလိုပါတယ်။
ကျနော်တို့လုပ်ငန်းစဉ်အားလုံးက ပြေပြစ်ချောမွေ့နေတာတော့ မဟုတ်ဘူး။ အခက်အခဲတွေ ရှိကြပါတယ်။ ဒီအခက်အခဲတွေ ကြားထဲက အာဏာရှင်ချုပ်ငြိမ်းရေးက အရမ်းကို တူညီနေတဲ့အပေါ်မှာ အခက်အခဲတွေက အနည်းငယ်ဘဲရှိတယ်လို့ လက်ရှိမှာ ပြောလို့ရပါတယ်။ အခုလည်းဘဲ စစ်အာဏာရှင် ချုပ်ငြိမ်းရေး ဆိုတဲ့နေရာမှာ ကျနော်တို့အတူတကွ စစ်စခန်းတွေကို တစ်ဆင့်ခြင်း၊ တစ်ဆင့်ခြင်း ပူးပေါင်းပြီးတော့မှ တွန်းထုတ် နေပါတယ်။ ဘယ်အထိတွန်းထုတ်မလည်း ဆိုတာကတော့ ကျနော်တို့ ရည်မှန်းချက် ရောက်တဲ့အထိ ဆက်လက်ဆောင်ရွက် သွားမယ်ဆိုလို့ ပြောချင်ပါတယ်။