Home သတင်း တအောင်းဒေသတွင် ကုန်စည်စီးဆင်းမှု ကန့်သတ်ခံရ၍ ဒေသထွက်ကုန်ကိုသာ အဓိက အားထားနေရ

တအောင်းဒေသတွင် ကုန်စည်စီးဆင်းမှု ကန့်သတ်ခံရ၍ ဒေသထွက်ကုန်ကိုသာ အဓိက အားထားနေရ

737

ဇွန် ၅ ၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

တရုတ်နှင့်စစ်ကောင်စီ၏ ကုန်စည်စီးဆင်းမှု ကန့်သတ်ခံထားရသည့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး/ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ထိန်းချုပ်ရာဒေသတွင် စိုက်ပျိုး၊ မွေးမြူရေး လုပ်ငန်းမှ ဒေသထွက်ကုန်ကိုသာ အဓိကအားထားနေရသည်ဟု (PSLF/TNLA) ပြောခွင့်ရ လွေးယေဦး က ယနေ့ မနက်ပိုင်း ကပြုလုပ်သည့်် သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။

ပြီးခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA ဘက်က မန္တလေးတိုင်း၊ မိုးကုတ်မြို့နှင့် ရှမ်းမြောက်ဒေသရှိ နောင်ချို အပါအဝင် မြို့တချို့ကို သိမ်းပိုက်၍ အုပ်ချုပ်ရေးလည်ပတ်နိုင်ခဲ့သော်လည်း တရုတ်နိုင်ငံက နယ်စပ် ကုန်သွယ်ဂိတ်အချို့ပိတ်ပြီး တချို့သောကုန်စည်စီးဆင်းမှုများ ဖြတ်တောက်ခံထားရသည်။

ထိုသို့ပိတ်ဆို့ခံရခြင်းကြောင့် TNLA အနေဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို ပိုမိုအလေးထားပြီး ဒေသထွက်ကုန် ထုတ်လုပ်သုံးစွဲခြင်းဖြင့် ဖြေရှင်းနေရသည်ဟု လွေးယေဦးက မီဒီယာများတက်ရောက်သည့် အွန်လိုင်းသတင်းစာ ရှင်းလင်းပွဲ၌ ယခုလို ပြောသည်။

“တအာင်းဒေသမှာ ကုန်စည်ဈေးနှုန်းကမြင့်မားပြီး လူထုစားဝတ်နေရေး ကြပ်တည်းတဲ့အခြေအနေမှာ စိုက်ပျိုးရေးနဲ့မွေးမြူရေးကို ပိုပြီးအကောင်အထည်ဖော်လာတယ်။ ဒေသထွက်ကုန်ကိုပဲ ပိုပြီးအလေးထားတယ်။ တဖက်နဲ့ တဖက်ကုန်စည် ဖလှယ်တာတွေလည်း လုပ်ကြတယ်။ ဆန်ထွက်တဲ့ ဒေသဆိုရင် တခြားသောဒေသက ဘာတွေရနိုင်လဲပေါ့။ လက်ရှိကျမတို့ ဖြေရှင်းနေတဲ့နည်းလမ်းတွေ ဖြစ်ပါတယ်” ဟု လွေးယေဦးက ကေအိုင်စီသို့ ဖြေကြားသည်။

လက်ရှိ TNLA သိမ်းယူထားသည့် မြို့များအနက် နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်နဲ့ မိုးမိတ်မြို့များကို ပြန်ပေးရန် စစ်ကောင်စီက ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်က တရုတ်နှင့်ပြုလုပ်သည့် ဆွေးနွေးပွဲမှ တဆင့်တောင်းဆို ခဲ့သေးသည်။ TNLA က ထိုတောင်းဆိုချက်ကို ငြင်းဆိုထားသော်လည်း တဖက်တွင် တစ်နှစ်ကျော်ကြာ ကုန်စည် လမ်းကြောင်း ပိတ်ဆို့ခံနေရသည်။

ထို့အပြင် စစ်ကောင်စီက ငလျှင်ဒဏ်ပြန်လည်ထူထောင်ရေးအတွက် ဧပြီလမှစ၍ ဇွန်လကုန်အထိ အပစ်ရပ် ကာလ တစ်လပြီးတစ်လ တိုးခဲ့သော်လည်း TNLA အပါအဝင် ညီနောင်မဟာမိတ်ထိန်းချုပ်သည့်ဒေသ များကို ထိုးစစ်ဆင်၊ လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်နေသည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်များထံမှ သိရသည်။

လွေးယေဦးက “စစ်ကောင်စီဘက်က အပစ်ရပ်ပြီး ထိုးစစ်ဆင်တာတွေ လေကြောင်းတိုက်ခိုက်တာတွေ လုပ်နေ တယ်။ ကျမတို့ကတော့ မိမိကိုယ်ကို ခုခံကာကွယ်စစ်အနေနဲ့ပဲ ဆင်နွှဲနေပါတယ်။ စစ်ရေးကတော့တင်းမာ နေပါ တယ်။ စစ်ရေးဗျူဟာအရဆောင်ရွက်နေတာပါ။ တရုတ်အစိုးရရဲ့ဖိအားကလည်းဆက်ရှိနေပေမယ့် ကျမတို့ နည်းလမ်းရှာပြီး ရှာဖွေဆောင်ရွက်ဖို့ ဖြစ်ပါတယ်” ဟု သတင်းစားရှင်လင်းပွဲ၌ ပြောသည်။

သတင်းစာရှင်းလင်းပွဲတွင် အသေးစိတ်ဖော်ပြချက်အရ ပြီးခဲ့သည့် မေလကအတွင်း TNLA ထိန်းချုပ်ထားသည့် နောင်ချို၊ မိုးကုတ်၊ မိုင်းလုံ၊ ကျောက်မဲ၊ မိုင်းငေါ့၊ မန်တုံ မြို့ရှိ ကျေးရွာများတွင် စစ်ကောင်စီက တိုက်ပွဲရှိသည် ဖြစ်စေ မရှိသည်ဖြစ်စေ လေကြောင်းဗုံးကြဲတိုက်ခိုက်ခြင်း၊ စစ်ကြောင်းထိုးခြင်း တို့လုပ်ဆောင်ခြင်းကြောင့် အရပ်သားများ ထိခိုက်ဒဏ်ရာမှု ဖြစ်ပွားခဲ့သည်။

ထို့အပြင် အခြေခံဆေးဝါး၊ စက်သုံးဆီးနှင့်လူသုံးကုန်ပစ္စည်းများ တရုတ်နယ်စပ်ဂိတ်များမှတဆင့် ဒေသတွင်း ဝင်ရောက်မှု ကန့်သတ်ပိတ်ဆို့ခံရခြင်းကြောင့် ကုန်ဈေးနှုန်းမြင့်တက်ပြီး လူထုစားဝတ်နေရေးကြပ်တည်းမှုကို လည်း ရင်ဆိုင်နေရသည်ဟု TNLA ဘက်က ဆိုသည်။

အလားတူ ပြီးခဲ့သည့် မေလကုန်ပိုင်းက သတင်းစာရှင်းလင်းပွဲ၌ ပြည်သူလူထုအကြပ်အတည်းကို စာနာပေးသည့် အနေဖြင့် ပိတ်ထားသည့်နယ်စပ်ဂိတ်များပြန်ဖွင့်ပေးရန် တရုတ်နိုင်ငံထံသို့ TNLA က တောင်းဆိုခဲ့သေးသည်။