Home သတင်း မိမိကံကြမ္မာ မိမိဖန်တီးနိုင်ရေး အရည်အချင်းရှိ မျိုးချစ်ကရင်လူငယ်များ မွေးထုတ်ပေးရန် လိုအပ်ကြောင်း ပဒိုစောလှထွန်း‌ ပြော

မိမိကံကြမ္မာ မိမိဖန်တီးနိုင်ရေး အရည်အချင်းရှိ မျိုးချစ်ကရင်လူငယ်များ မွေးထုတ်ပေးရန် လိုအပ်ကြောင်း ပဒိုစောလှထွန်း‌ ပြော

847

မေလ ၂၃ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားများ၏ မိမိကံကြမ္မာ မိမိဖန်တီးခွင့် ရရှိရေးအတွက် မျိုးချစ်‌ခေါင်း‌ဆောင်များအား ‌မွေးထုတ်‌ပေးရန် လိုအပ်ကြောင်း ယနေ့တွင် ကျရောက်သည့် (၃၆) နှစ်မြောက် ကရင်လူငယ် အစည်းအရုံး (KYO)‌နေ့ အခမ်းအနား၌ ကေအဲန်ယူ၏ တွဲဘက်ထွေထွေအတွင်းရေးမှူး(၂) ပဒိုစောလှထွန်းက တိုက်တွန်းပြောဆိုသည်။

လူငယ်များသည် လူမျိုးတစ်မျိုးအနေဖြင့် အားပြုရတဲ့ မဏ္ဍိုင်တစ်ရပ် ဖြစ်ပြီး ကရင့်နိုင်ငံ တော်တည် ဆောက်နိုင်ရေးအတွက် မှန်ကန်‌သော မျိုးချစ်စိတ် ဓာတ်ထက်သန်သည့် လူငယ်များအား ပြန်လည်ပြီး ရှင်သန်မွေးထုတ်ပေးရမည်ဖြစ်ကြောင်း ပဒိုစောလှထွန်းက တိုက်တွန်းထားခြင်းဖြစ်သည်။

“ ကရင့်အမျိုးသားတွေရဲ့ လိုချင်တဲ့ ကော်သူးလေ လိုချင်တဲ့ ကရင်ပြည် ရဖို့ ကိုယ့်ကံကြမ္မာကို ဖန်တီးနိုင်တဲ့ လူမျိုးတစ်မျိုးအနေနဲ့ တည်ရှိနိုင်ဖို့ ကိုယ့်လူမျိုး ကိုယ့်အမျိုးသားရေး ကိုယ့်ပြည်သူ တွေအတွက် စွမ်းဆောင်ရည်ရှိတဲ့ မျိုးဆက်သစ်တွေကို မွေးထုတ်ပေးရမှာ ဖြစ်ပါတယ်။ ဒါက ကရင်လူငယ်အစည်းအရုံးရဲ့ အားပြုယူရမယ့် တည်ဆောက်ယူရမယ့် လုပ်ငန်းစဥ်ထဲမှာ အစဥ်အမြဲ ရှိနေရမှာ ဖြစ်ပါတယ်” ဟု ပဒိုစောလှထွန်းက ပြောကြားသည်။

၎င်းအပြင် ကရင်လူမျိုးတို့၏အမျိုးသားရေး၊ နိုင်ငံရေးမျှော်မှန်းချက်အတွက် မျိုးချစ်စိတ်အပြည့်ရှိသည့် ကရင်လူငယ်များလိုအပ်သလို မိမိတို့လိုလားတောင့်တအပ်သည့် တိုင်းပြည်အတွက် ခိုင်မာသည့် အောက်‌ခြေတည်ဆောက်မှုနှင့်အတူ ချမှတ်ထားသည့် လမ်းစဥ်အတွင်း ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်ကြရန်လည်း လိုအပ်ကြောင်း ပဒိုစောလှထွန်းက ဖြည့်စွက်တိုက်တွန်းလိုက်သည်။

၃၆ နှစ်မြောက် ကရင်လူငယ်အစည်းအရုံး (KYO)‌နေ့ အခမ်းအနားကို ကေအဲန်ယူ တပ်မဟာ(၇)နယ်မြေ၊ ဖားအံခရိုင် တစ်နေရာတွင် မေလ ၂၃ ရက်၊ ယနေ့နံနက်ပိုင်းက ပြုလုပ်ကျင်းပရာ ကေအဲန်ယူ၏ တွဲဘက်ထွေထွေအတွင်းရေးမှူး(၂) ပဒိုစောလှထွန်း၊ ဗဟို‌ကော်မတီဝင် ပဒို‌နော်ဒါးဒါး၊ KNU ဌာနဆိုင်ရာ တာဝန်ရှိခေါင်းဆောင်များ၊ မိတ်ဖွဲ့အဖွဲ့အစည်းများအပါအဝင် ကရင်လူငယ်များ စုစုပေါင်း လူဦးရေ (၁၀၀)ဝန်းကျင် တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ကရင်အမျိုးသားအလံ‌တော်နှင့် KYO အလံ‌တော်အား အ‌လေးပြုခြင်း၊ တက်ရောက် လာသော ခေါင်းဆောင်များက အားပေးတိုက်တွန်းအမှာ စကားပြောကြားခြင်းအပြင် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ပေးပို့လာသော ဂုဏ်ပြုသဝဏ်လွှာများကို ကရင်လူငယ်များက ဖတ်ကြားခဲ့သည်။ ၎င်းအပြင် KNU တွင် ဆက်လက် တာဝန်ထမ်း‌ဆောင်လျက်ရှိ‌သော လူငယ်‌ခေါင်း‌ဆောင်များကို ဂုဏ်ပြုလက်မှတ်များ ‌ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အခမ်းအနားသို့ တက်ရောက်သည့် တောင်ငူခရိုင်( KYO )မှ လူငယ်တစ်ဦးက “ ပြီးခဲ့တဲ့ ၃၅ နှစ်အထိ လူငယ်တွေတော်တော်များများ ပေးဆပ်ပြီး လုပ်ဆောင်ခဲ့ပြီးပြီ။ နောက်ထပ်လာမယ့်နှစ်တွေလည်း ကျနော်တို့ လူငယ်တွေ ဒီထက်ပိုပြီး အားကောင်းအောင် ပူးပေါင်းပါဝင်လာအောင် လုပ်ဆောင်ရမယ်။ လက်ရှိ လူငယ်တွေ ဦးဆောင်ပြီး လုပ်ဆောင်ရမယ့်အပိုင်းတွေ အများကြီးရှိတယ်။ အခု နိုင်ငံရေးအခင်းအကျင်းထဲ လူငယ်တွေပဲ လှုပ်ရှားများလာတာ တွေ့ရတယ်။ ဒါကြောင့် တော်လှန်ရေးအတွက်ပဲဖြစ်ဖြစ်၊ နိုင်ငံရေးအတွက်ပဲဖြစ်ဖြစ် ဒေသအသီးသီးက ရှိသမျှလူငယ်တွေ အားနဲ့အင်နဲ့ တစိုက်မတ်မတ် ရပ်တည်ပြီး ဒီတော်လှန်ရေးထဲမှာ ဝိုင်းဝန်းကူညီလုပ်ဆောင်စေချင်တယ်” ဟု ပြောသည်။

ကရင်အမျိုးသားနိုင်ငံရေးလှုပ်ရှားမှုအတွက် အင်အားနှင့် အထောက်အကူဖြစ်စေရန် ကရင်ခေါင်း ဆောင်များက ကရင်လူငယ်အစည်းအရုံးကို ၁၉၄၅ ခုနှစ်မှာ ပထမဆုံးအကြိမ်ဖွဲ့စည်းခဲ့ပြီး ကရင်တော်လှန်းရေး နှစ် (၄၀) ကျော်ကြာပြီးနောက် ၁၉၈၉ ခုနှစ်၊ မေလ ၂၃ ရက်နေ့တွင် ကရင်လူငယ်အစည်းအရုံးကို မာနယ်ပလောမှာ ပြန်လည်ဖွဲ့စည်းခဲ့ရာ ယခုနှစ်တွင် (၃၆) နှစ် ပြည့်ခဲ့ပြီ ဖြစ်သည်။