Home သတင်း မြဝတီတောင်ဘက် နယ်စပ် ဘလယ်ဒို စစ်ကောင်စီတပ်စခန်းကို KNU သိမ်းပိုက်

မြဝတီတောင်ဘက် နယ်စပ် ဘလယ်ဒို စစ်ကောင်စီတပ်စခန်းကို KNU သိမ်းပိုက်

724
Photo Caption: ဘလယ်ဒို (ဘျၢၣ်ဒိၣ်) တပ်စခန်းမှ သိမ်းပိုက်ရရှိသောလက်နက်ခဲယမ်းများ။( ပုံ-KNU)

မေလ ၂၃ ရက်၊ ၂၀၂၅ ခုနှစ်၊ ကေအိုင်စီ

ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ တပ်မဟာ (၆)၊ ကော့ကရိတ် မြို့နယ်( မြဝတီမြို့တောင်ဘက်)ရှိ ဘလယ်ဒို စစ်ကောင်စီတပ်စခန်းအား ယနေ့ ညနေ ၅ နာရီအချိန်တွင် ပြန်လည်တိုက်ခိုက်ပိုက်ကြောင်း ကေအဲန်ယူ ဗဟိုက သတင်းထုတ်ပြန်သည်။

ဘလယ်ဒိုကျေးရွာအနီး စစ်ကောင်စီတပ်များ ဝင်ရောက် ကျူးကျော် တပ်စွဲထားသော ဘလယ်ဒို(ဘျၢၣ်ဒိၣ်) တပ်စခန်းအား ယနေ့ မေလ (၂၃) ရက်၊ ညနေ (၅) နာရီ အချိန်တွင် တပ်မဟာ (၆) ဦးဆောင်သော ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (P.D.F) တို့မှ ပြန်လည် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းသည်ဟု ကေအဲန်ယူက ထုတ်ပြန်ထားသည်။

” အကုန်ရှင်းလင်းလိုက်ပါပြီ။ ရန်သူ အယောက် ၁၀ ကျော်လောက်တော့ သေတယ်။ ထွက်ပြေးသွားတာလည်းရှိတယ်။ လက်နက်တွေလည်းတော်တော်များများရလိုက်ပါတယ်။ ” ဟု KNLA တပ်မဟာ (၆) သတင်းအရင်းအမြစ်တစ်ခုက ပြောသည်။

သို့သော် သိမ်းဆည်းရမိသော စစ်ကောင်စီတပ် လက်နက်ခဲယမ်းအရေအတွက်အတိအကျကို ကေအဲန်ယူဘက်က တရားဝင်ထုတ်ပြန်ထားခြင်းမရှိသေးပေ။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ-၆ နယ်မြေ(ထိုင်း-မြန်မာ နယ်စပ်) မြဝတီမြို့တောင်ဘက်ရှိ ဘလယ်ဒိုစစ်စခန်းအပါအဝင် သေဘောဘိုး၊ ဝေါ်လေ၊ မော်ခီး၊ ကနဲလေး၊ စစ်ကောင်စီ စခန်းများကို မေ ၂၁ ရက်နေ့မှစ၍ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က စတင်တိုက်ခိုက်မှု လုပ်ဆောင်နေခြင်းဖြစ်သည်။

ဘလယ်ဒို ကျေးရွာအခြေစိုက် အဆိုပါ စစ်ကောင်စီတပ်စခန်းကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင် KNLA ဦးဆောင်သော တော်လှန်ရေးတပ်ဖွဲ့က ပထမအကြိမ် သိမ်းပိုက်ရရှိခဲ့ပြီး စစ်ကောင်စီဘက်က တပ်အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်လာမှုကြောင့် ပြန်လည်လက်လွှတ်ခဲ့ရသည်။

Photo Caption: ဘလယ်ဒို (ဘျၢၣ်ဒိၣ်) တပ်စခန်းမှ သိမ်းပိုက်ရရှိသောလက်နက်ခဲယမ်းများ။( ပုံ-KNU)