မေ ၂ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ဘိတ်-ပုလော-ထားဝယ်မြို့နယ်များကို ဖြတ်သန်းသွားလာလိုသူများမှာ ပြည်ထောင်စု ကားလမ်းမကြီးအစား ရေကြောင်းလမ်းကို ပြောင်းလဲအသုံးပြုနေရပြီး ခရီးသွားလာရေးစရိတ် ပိုမိုကုန်ကျမှုများလာကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။
ပြီးခဲ့သည့် ဧပြီလ ဒုတိယအပတ်ကတည်းက ဘိတ်-ထားဝယ်ကားလမ်းပေါ် တွင် စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့များ နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီးသည့်နောက် ယခုလတ်တလောအချိန်ထိ စစ်ရေးပဋိပက္ခရှိနေသလို ကားလမ်းပိုင်းအသုံးပြု ခရီးသွားလာမှု ကန့်သတ် ပိတ်ဆို့မှုရှိနေသည်။
ထို့ကြောင့် ခရီးသွားလာသူအများစုမှာ ကားလမ်းအစား စက်လှေများ၊ စပိတ်ဘုတ်များဖြင့် ရေကြောင်း ခရီးကိုပြောင်းလဲအသုံးပြုနေရပြီး ပေးနေရသည့်ကုန်ကျစရိတ်လည်း ပိုကုန်သွားကြောင်း ဒေသခံများကပြောသည်။
ထားဝယ် ဒေသခံအမျိုးသားတစ်ဦးက “ကုန်းကြောင်းမှာလိုတော့ စစ်ဆေးရေးဂိတ်တွေမရှိတော့ပေမယ့် ခရီးစရိတ်ကပိုကုန်တယ်။ ထားဝယ်ကနေ ဘိတ်အထိဆို ၃ သိန်းလောက်ပေးနေရတာ။ လေယာဥ်စီးလို့ပေးရသလောက်တောင် ဖြစ်နေပြီ။ အရင်ကုန်းလမ်းခရီးကထက်တော့ ပိုမြန်တာပေါ့လေ။ အဲဒါကြောင့်လည်း ခရီးသွားမယ်ဆို ရေကြောင်းဘက်ကိုစဥ်းစားလာကြတာ” ဟု ကေအိုင်စီသို့ ပြောသည်။
ထားဝယ်မှဘိတ်သို့ နေ့စဥ် ရေယာဥ်ပြေးဆွဲနေသည့် ခရီးသွားလုပ်ငန်းတစ်ခု၏ သတ်မှတ်နှုန်းထားအရ အမြန်ရေယာဥ်ခမှာ အသက် ၁၀ နှစ်နှင့်အထက် လူတစ်ဦးကို ၂ သိန်း ၅သောင်းကျပ်ပေးရပြီး ၁၀ နှစ်မှ လေးနှစ်အထိ ၁ သိန်းကျပ်၊ လေးနှစ်အောက်ကလေး အခမဲ့ ဖြစ်ကြောင်း သိရသည်။ ရေကြောင်းခရီးစဥ်ဖြစ်သောကြောင့် ရာသီဥတုအပေါ်မူတည်သွားလာရသည့်အတွက် အချိန်ကြန့်ကြာမှုလည်း ရှိသည်။
၎င်းအပြင် ပုလောတော်လှန်ရေးတပ်ဖွဲ့များဘက်ကလည်း စစ်ကောင်စီမှ ထားဝယ်-ပုလောမြစ်ကြောင်း တစ်လျှောက် ခရီးသည်အသွင်ဖြင့် သွားလာမှုများရှိနေ၍ အရပ်သားပြည်သူများ ယခုရက်ပိုင်းတွင် ရေလမ်းခရီးသွားမှုလျှော့ချရန်နှင့် မဖြစ်မနေဆိုပါက ဖုန်းဆက်သတင်းပို့ရန် ယမန်နေ့က ထုတ်ပြန်အသိပေးထားသေးသည်။
မှားယွင်းပစ်ခတ်မှုများ မဖြစ်ပေါ်ရန်အတွက် ဖုန်းဆက်သတင်းပို့မှုအား ထားဝယ်-ပုလောလမ်းပိုင်းပေါ် တိုက်ပွဲများငြိမ်သက်သည်အထိ လိုက်နာရန်လိုသည်ဟု အဆိုပါတော်လှန်ရေးတပ်ဖွဲ့က ဆိုသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်ကလည်း မြိတ်-ပုလော-ထားဝယ်လမ်းပိုင်းတစ်လျှောက် တိုက်ပွဲများပြင်းထန်ခဲ့ရာ စစ်ကောင်စီက လေကြောင်းမှတိုက်ခိုက်ခြင်းနှင့်လက်နက်ကြီးပစ်ခတ်ခြင်းတို့ကြောင့် မကြာခဏ မော်တော်ယာဥ်လမ်းပိတ်ဆို့မှုများဖြစ်ပွားခဲ့ရပြီး ခရီးသည်များမှာ ရေကြောင်းလမ်းကို ပြောင်းလဲအသုံးပြုခဲ့ရသည်။



















