မေ ၇ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၂)၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်ရှိ ထိုလွီဝါး အထက်တန်းကျောင်းနေရာသို့ ယမန်နေ့ မေလ (၆)ရက်နေ့ ညပိုင်းက လက်နက်ကြီး(၄)လုံး ဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်ခံခဲ့ရကြောင်း ကျောင်းနှင့်နီးစပ်သည့် သတင်းအရင်းအမြစ်မှသိရသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇွန်လပိုင်းက ထိုလွီဝါးကျောင်းအထက်တန်းကျောင်းဝန်းအတွင်း ရှိ ကျောင်းသူများဘော်ဒါဆောင်နေရာသို့ စစ်ကောင်စီကပစ်ခတ်လိုက်သော လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပြီးနောက်ပိုင်း ယခုလိုထပ်မံတိုက်ခိုက်ခံရခြင်းဖြစ်သည်။
လက်နက်ကြီးပစ်ခတ်မှုမှ ထိုလွီဝါးကျောင်း ဘော်ဒါဆောင်အနီး အင်ပင်တောနှင့်တဝိုက်သို့ ယမန်နေ့ ည ၈ နာရီဝန်းကျင်က ၄ လုံးတိတိ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး လူအထိအခိုက်မရှိဟု ကျောင်းတာဝန်ရှိသူက ဆိုသည်။
“ဟိုတစ်ခါကျတဲ့ ဘော်ဒါဆောင်ရဲ့ အမှိုက်သွားပစ်တဲ့နေရာနားတစ်ဝိုက်ကိုကျတာ သိပ်မကွာဘူး။ ကျောင်းပိတ်ထားတော့ ကလေးတွေပြန်ကုန်ပြီ။ တစ်ယောက်စ နှစ်ယောက်စနဲ့ ဆရာ၊ဆရာမ တစ်ချို့ပဲကျန်တယ်။ အထိအခိုက်တော့မရှိဘူး။ ခုတလောက နေရာတိုင်း လက်နက်ကြီး လျှောက်ပစ်နေတော့ ဘာကြောင့်ပစ်လဲ မပြောတတ်ဘူး။” ဟု ထိုလွီဝါးကျောင်း၏တာဝန်ရှိသူက ပြောသည်။

ထိုနောက်ပိုင်းတွင် ကျောင်း၌ကျန်ရှိသည့် ကျောင်းသူ၊ကျောင်းသားနှင့် ဆရာ၊ဆရာမအချို့မှာ မိမိတို့ အဆောင်နေရာများတွင် ညအချိန်မအိပ်ဝံ့သေးဘဲ ကျင်းပုန်းအတွင်း ပြောင်းလဲအိပ် စက်ကြရသည်ဟုလည်း အဆိုပါတာဝန်ရှိသူက ဖြည့်စွက်ပြောသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်က လက်နက်ကြီးတိုက်ခိုက်မှုကို ရှားစေးဘိုစခန်း အခြေစိုက် စစ်ကောင်စီတပ် ခြေလျင် တပ်ရင်း ခလရ-၃၀၆ မှ လုပ်ဆောင်ခဲ့ရာ ကျောင်းဘော်ဒါဆောင်နေ ကျောင်းသူ ၃ ဦး လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာများ ရရှိခဲ့သည်။ ထို့အပြင် ကျောင်းတာဝန်ရှိသူတို့အတွက် ကျောင်းဆက်လက်ဖွင့်နိုင်ရေး စိန်ခေါ်မှုရှိခဲ့သေးကြောင်း သိရသည်။
ထိုလွီဝါးကျောင်းသည် ၂၀၂၃ ခုနှစ်က စာရင်းများအရ ကျောင်းတွင် ဒေသအသီးသီးမှ လာရောက်ပညာသင်ယူနေသူ ကျောင်းသူ၊ကျောင်းသားပေါင်း ၂၀၀၀ ကျော်ရှိသည်။ ယခု ၂၀၂၄-၂၀၂၅ စာသင်နှစ်တွင် ကော်သူးလေ အစိုးရစစ် Grade-12 ဖြေဆိုအောင်မြင်သူ ၁၄၀ ဦးအား မွေးထုတ်ပေးထားသည့် ကျောင်းလည်းဖြစ်သည်။



















