Home သတင်း ကရင်တွင် လိုင်စင်မဲ့ ကား၊ ဆိုင်ကယ်နှင့် ကုန်စည် ဖမ်းမည့်သတင်းကြောင့် အခက်တွေ့နေ

ကရင်တွင် လိုင်စင်မဲ့ ကား၊ ဆိုင်ကယ်နှင့် ကုန်စည် ဖမ်းမည့်သတင်းကြောင့် အခက်တွေ့နေ

1933
Photo: CJ

မေ ၂၈၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်အတွင်း လိုင်စင်မဲ့ ကား၊ ဆိုင်ကယ်နှင့် အကောက်ခွန်မဲ့ ကုန်စည်များ ဖမ်းဆီးမည့်ဟု ယခုရက်ပိုင်း အတွင်းသတင်းထွက်ပေါ်နေပြီး ဒေသခံများနှင့် လုပ်ငန်းရှင်များ အခက်တွေ့နေကြောင်း ဖားအံမြို့ခံ တစ်ဦးက ပြောသည်။

ကရင်ပြည်နယ်အတွင်း ပြည်သူများ သွားလာရေးနှင့် သယ်ယူပို့ဆောင်ရေးအတွက် အားထားအသုံးပြုနေရသည့် ကားနှင့် ဆိုင်ကယ် အများစုသည် စစ်ကောင်စီထံတွင် လိုင်စင်ပြုလုပ်ထားခြင်းမရှိသလို ယခုလို ဖမ်းမည့် သတင်းကြောင့် ကားနှင့် ဆိုင်ကယ်များကို နေရာရွှေ့ထားခြင်း၊ ကုန်စည်များကို လမ်းကြောင်းပြောင်း သယ်ယူခြင်း စသည်တို့ကို လုပ်ဆောင်နေသည်ဟု ကုန်စည်ယာဉ်မောင်း တစ်ဦးက ယခုလို ပြောသည်။

“ဖားအံမှာ အခုစီမံချက်ထုတ်ထားတာ ကားတွေ ကုန်ကားတွေဖမ်းမယ်။ အဲ့တာက မနက် ၉ နာရီ ကျော်ဆို စပြီး ဘန်ကောက် မြဝတီတက်တဲ့ ကားတွေဆိုရင်လည်း ဒီတစ်ခေါက်ဖမ်းမိရင် ထောင်ပါကျမယ်တဲ့။ အဲ့တာ သူတို့ အမိန့်ထုတ်ထားတာ၊ ထို့ကော်ကိုးလမ်းမှာ မြဝတီကနေ ဖားအံကို ဆင်းတဲ့ ကားတွေ မရှိတော့ဘူး။ ကုန်ကားတွေ ကအဲ့မှာပဲရပ်နေတာ” ဟု ၎င်းက မေ ၂၇ ရက်နေ့တွင် ပြောသည်။

ယခုလို အခြေအနေများကြောင့် မေ ၂၇ ရက်နေ့တွင် ထို့ကော်ကိုး တောင်အောင်ရှိ ကရင်အဖွဲ့စုံ စစ်ဆေးရေးဂိတ် အနီးတွင်ကုန်စည်နှင့် ခရီးသည်တင်ကာများ ရာချီ ဖားအံသို့ဆက်မသွားဘဲရပ်ထားပြီး အခြေအနေကို စောင့်ကြည့် နေသည်ဟု ကုန်စည် ယာဉ်မောင်းတစ်ဦးက ဆက်ပြောသည်။

Photo: CJ

မေ ၂၀ ရက်နေ့တွင် နေပြည်တော်၌ ပြုလုပ်သည့် စစ်ကောင်စီ အစည်းအဝေး၌ စစ်ကောင်စီ ဥက္ကဌက လိုင်စင်မဲ့ ကား၊ လိုင်စင်အတု နံပါတ်ပြား အတု ယာဉ်များ အသုံးပြုနေ၍ အခွန်မရ နှစ်နာသည့်အတွက် ဖမ်းဆီးရန် ပြောဆို ခဲ့ပြီးနောက် တောင်ကြီး၊ တာချီလိမ်၊ မော်လမြိုင်နှင့် ဖားအံမြို့တွင် စတင်ဖမ်းဆီးနေပြီဟု သိရသည်။

“မြဝတီကနေ အောက်ကိုတော့ ကားတွေ၊ ဆိုင်ကယ်တွေ ဆက်ဆင်းမှာ မဟုတ်ဘူး။ ဒီဘက်နယ်မှာက ကရင် လက်နက်ကိုင်အဖွဲ့အစည်း နာမည်ခံပြီး လုပ်ကြတာများတယ်။ လူတိုင်းက လက်နက်ရှိကြတယ်။ အရင်က စကစ ဒုချုပ်စိုးဝင်းက ထိုင်းကုန်၊ တားမြစ်ကုန်တွေ ဖမ်းခိုင်းတုန်းက ကား ၃၀၀ စီးလောက် ဖမ်းခံထိကြပြီးပြီ။ အခုတစ်ခါ တော့ ကရင်အဖွဲ့အစည်းကားတွေနဲ့ ညှိရင် ပစ်ကြ၊ ခတ်ကြရင် မလွယ်ဘူး” ဟု ကုန်ကားမောင်းသူ တခြား တစ်ဦးက ပြောသည်။

ယခုလို သတင်းထွက်ပေါ်နေသည့်အတွက် မြဝတီရှိ ထိုင်း-မြန်မာ ကုန်စည်တင်ပို့ရောင်းဝယ်သူများ အခက်တွေ့ နေသလို လိုင်စင်မဲ့ ကား၊ ဆိုင်ကယ် ဝယ်ရောင်းများ၊ လက်နက် အဖွဲ့တစ်ချို့ထံဝင်ရောက် ချိတ်ဆက် စီးပွားရေး လုပ်နေသူများ စစ်ကောင်စီက ယာဉ်နှင့် ကုန်စည် အဖမ်းခံရမည်ကို စိုးရိမ်နေရသည်ဟု သိရသည်။