Home သတင်း သောင်ရင်း မြစ်ဘေးက သေ့ဘောဘိုးစစ်ရှောင်တွေ သောက်ရေ အရေးပေါ် လိုအပ်နေ

သောင်ရင်း မြစ်ဘေးက သေ့ဘောဘိုးစစ်ရှောင်တွေ သောက်ရေ အရေးပေါ် လိုအပ်နေ

899
Photo: CJ

မေ ၂၈၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

မြဝတီမြို့၊ တောင်ဘက်၊ သေ့ဘောဘိုးရွာ အနီးတဝိုက်တွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး သောင်ရင်း မြစ်နဘေး၌ စစ်ရှောင်နေရသည့် ရွာသားများ သောက်ရေ အရေးပေါ်လိုအပ်နေသည်ဟု စစ်ဘေးရှောင်အရေး ကူညီနေသူ များက ပြောသည်။

အဆိုပါ သေ့ဘောဘိုးရွာ အနီးရှိ စစ်ကောင်စီ စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA၊ မဟာမိတ် တပ်များက မေ ၂၅ ရက်နေ့မှစ၍ ထိုးစစ်ဆင် တိုက်ခိုက်နေပြီး ဒေသခံ ကျေးရွာသားများ သောင်းရင်း မြစ်ကမ်းဘေး၌ ယာယီစစ်ရှောင်နေရပြီး သောက်ရေနှင့် အစားအသောက်များ လိုအပ်နေသည်ဟု ကူညီနေသူ တစ်ဦးက ယခုလို ပြောသည်။

“သေ့ဘောဘိုးရွာသားတွေက ထိုင်းဘက်သိပ့် မကူးနေလို ကြဘူး။ တခြားရွာတွေကတော့ ထိုင်းဘက် ကူးနေတာ မျိုးရှိတယ်။ သူတို့က ချောင်းဘေးနားဝါးရုံတွေ၊ သစ်ပင်တွေ အောက်မှာဘဲ တာလပတ်အမိုးနဲ့ ယာယီနေကြတာ သောက်ရေ မရှိဘူး။ ကလေးမွေးပြီးစ မီးနေသည်တွေ၊ ရွာက အဘိုးအဘွား ကလေးတွေ အရေးပေါ်သောက်ဖို့ ရေလို တယ်။ သုံးရေက ချောင်းရေ ရွှံ့ရေတွေ သုံးနေကြတယ်။ ရွာ ပြန်ဝင်ပြီး ရေမခပ်ရဲ တော့ဘူး၊ ပစ်နေကြပြီ ဆိုတော့” ဟု ၎င်းက ပြောသည်။

ယမန်နေ့ မေ ၂၇ ရက်တွင် သေ့ဘောဘိုး၊ ဆုံဆည်းမြိုင် လမ်းပိုင်းတွင် KNLA မဟာမိတ် တပ်များနှင့် နယ်မြေ အတွင်း ဝင်ရောက်လာသည့် စစ်ကောင်စီ တပ်များ တိုက်ပွဲ ဖြစ်ပွားနေသည်ဟု ဒေသခံများထံမှ သိရသည်။

ယခုလို တိုက်ပွဲ ဖြစ်ပွားနေသည့်အတွက် ဆုံဆည်းမြိုင်၊ တောင်နီ၊ သေ့ဘောဘိုး၊ ဥကရိထ စသည့်ရွာများမှ ကျေးရွာ သားများ နယ်စပ် အနီးရှိ ထိုင်းနိုင်ငံ ဖုဖရမြို့နယ်အတွင်းရှိ ရွာများဘက်သို့ စစ်ရှောင်နေရသည်ဟု ထိုင်းသတင်းဌာနများက ရေးသားဖော်ပြ ထားသည်။

ထိုင်း-မြန်မာ နယ်စပ် မြန်မာဘက်တွင် ယခုလို တိုက်ပွဲများ ဖြစ်ပွားနေသည့် အတွက် ထိုင်းတာဝန်ရှိသူတို့ နယ်စပ် တလျှောက်လုံခြုံရေး တိုးမြှင့်ချထားပြီး အသင့်အနေအထားဖြင့် စောင့်ကြည့်နေသည်ဟု သိရသည်။