Home တွေ့ဆုံမေးမြန်းခန်း PDF တောင်ပိုင်းစစ်ဒေသ ဒုစစ်ဒေသမှူး-၂ ရဲဘော် စောရှားနှင့် ဆက်သွယ်မေးမြန်းခြင်း

PDF တောင်ပိုင်းစစ်ဒေသ ဒုစစ်ဒေသမှူး-၂ ရဲဘော် စောရှားနှင့် ဆက်သွယ်မေးမြန်းခြင်း

1448

“ကျနော်တို့အားလုံး အိမ်ပြန်လမ်းပေါ်ရောက်နေပြီးလို့ပြောလိုတယ်”

PDF တောင်ပိုင်းစစ်ဒေသ ဒုစစ်ဒေသမှူး-၂ ရဲဘော် စောရှားနှင့် ဆက်သွယ်မေးမြန်းခြင်း

မေလ ၆ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ယခုနှစ် မေ ၅ ရက်နေ့သည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောက်စီကို လက်နက်စွဲကိုင် တိုက်ပွဲဝင်ရန် အမျိုးသားညီညွတ်ရေး အစိုးရက ပြည်သူ့ ကာကွယ်ရေးတပ်မတော်-PDF ကို ဖွဲ့စည်းတည်ထောင်ခဲ့သည်မှာ ၄ နှစ် ပြည့်ချိန်သို့ ရောက်ရှိခဲ့ပြီး ဖြစ်သည်။

အဆိုပါ PDF လေးနှစ်တာ စစ်ရေးအတွေ့အကြုံ၊ ဖြတ်သန်းမှုနှင့် လုပ်ဆောင်ချက်များအပေါ် တောင်ပိုင်းတိုင်း စစ်ဆင်ရေး တာဝန်ခံ (တောင်ပိုင်းစစ်ဒေသ၊ ဒု-စစ်ဒေသမှူး-၂) ရဲဘော် စောရှားကို ဆက်သွယ်မေးမြန်းထားသည် များကို ပြန်လည်ဖော်ပြလိုက်ပါသည်။

မေး။ ။ ရဲဘော် စောရှားခင်ဗျာ။ PDF တပ်ဖွဲ့ လေးနှစ်တာကာလအတွင်းမှာ တောင်ပိုင်းတိုင်း စစ်ဒေသရဲ့ စစ်ကောင်စီ တပ်တွေကို ဌာနေ ကရင်အမျိုးသားလွတ်မြောက်ရးတပ်မတော်-KLNA နဲ့ စစ်ရေးပူးပေါင်း ဆောင်ရွက်ခဲ့တာတွေ ပြောပြပေးပါ။

ဖြေ။ ။ ဒီ ၂၀၂၄ -၂၅ ခုနှစ်ထဲမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF အနေနဲ့တော့ တိုက်ပွဲပေါင်းများစွာနဲ့ ဒီမဟာမိတ်တပ်ဖွဲ့တွေနဲ့အတူ ပူးပေါင်းတိုက်ပွဲဝင်ခဲ့တာရှိပါတယ်။ တောင်ပိုင်းစစ်ဒေသလို့ ပြောတဲ့အခါမှာတော့ ပဲခူး ၊ ရန်ကုန်၊ ဧရာဝတီ၊ မွန်၊ ကရင်၊ တနင်္သာရီပေါ့ ဒီဒေသတွေပါဝင်တာ ဖြစ်တယ်။ ဒီအထဲမှာမှ ကရင်ပြည်နယ် အပါအဝင် ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ တနင်္သာရီ စတဲ့ တိုင်းနဲ့ ပြည်နယ်များမှာလည်း ဒီကရင်အမျိုးသား ကာကွယ် ရေးတပ်မတော်-KNLA နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တခြားတော်လှန်ရေးပူးပေါင်းတပ်တို့နဲ့ ညီညီ ညွတ်ညွတ် ပါဝင်ခဲ့တယ် ဆိုတာပြောလိုတယ်။

မေး။ ။ အခု PDF က စစ်သက် ၄ နှစ် ကာလအတွင်းမှာ မဟာမိတ် ကရင့်လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ တိုက်ပွဲ ဖော်ဆောင် တိုက်ခိုက်သိမ်းပိုက်နိုင်တဲ့ စစ်ရေးအောင်မြင်မှုတွေ နဲ့ ပတ်သက်ပြီး ပြောပြ ပေးပါ။

ဖြေ။ ။ စခန်းသိမ်းတိုက်ပွဲနွှဲ တဲ့အခါမှာလည်း ပွဲတိုင်းလိုလို ဒို့ PDF အနေနဲ့ ပူးပေါင်းပါဝင်ခဲ့တာတွေ ရှိပါတယ်။ ဒီထဲမှာထင်ရှားတဲ့တိုက်ပွဲတွေအနေနဲ့တော့ ကရင်ပြည်နယ်မှာပဲပြောရမယ်ဆိုလို့ရှိရင် သင်္ဃန်းညီနောင် ၃၅၅၊ ၃၅၆ ၊ ၃၅၇ သင်္ကန်းညီနောင်ဗျူဟာပေါ့နော်။ တောင်စွန်း စခန်းပြီးတော့ ကျိုက်ဒုံစခန်း၊ စုကလိစခန်း၊ ကွီလုံ တိုင်စခန်း၊ ရေတံလျှောက်စခန်း၊ ဖိုးချိမူးစခန်း ပြီးတော့မုန်းတို့၊ နတ်သံကွင်းတို့ ဒါပဲခူးဘက်ခြမ်း ပေါ့လေ။ ဖာပွန်တို့ လဂွန်းပျို၊ မဲပလီစခန်း ဒါတွေက ထင်ရှားတဲ့ တိုက်ပွဲတွေ ဖြစ်တယ်။

ဒါကလည်း ပူးပေါင်းစစ်ဆင်ရေးရဲ့တစ်ချို့ကို ပြောထားတာပဲဖြစ်တယ်။ တခြားအများကြီး ကျန်ပါသေးတယ်။ ပူးပေါင်း စစ်ဆင်ရေးတွေမှာ တော်တော်များများ ကျနော်တို့ ဒီကရင်ပြည်နယ်ရော၊ တနင်္သာရီမှာရော၊ မွန် ပြည်နယ်မှာရော အများကြီးပူးပေါင်းစစ်ဆင်ရေးတွေ ကျနော်တို့ မပါဝင်တဲ့ပွဲ မရှိသလောက် နည်းပါတယ်။

မေး။ ။ စစ်ကောင်စီတပ်တွေကို တော်လှန်တိုက်ခိုက်တဲ့အခါ မှာကြုံရတဲ့ အားနည်းချက် အားသာချက်နဲ့ ရည်မှန်းချက်တွေကိုလည်း ပြောပေးပါ။

ဖြေ။ ။ ဒီ ၄ နှစ် အတွင်းကျနော်တို့ အားသာချက်ကတော့ တိုက်ရင်းနဲ့ တည်ဆောက်နေရတဲ့ အတွက် ကျနော် တို့မှာ မပြည့်စုံမှုတွေတော့ များတယ်။ ဒါပေမဲ့လို့ ဒါက တော်လှန်ရေးသဘော တရားပဲ။ အဲ့တော့ လိုအပ်ချက် ကြောင့် လက်နက်ကိုင်တော်လှန်ရေးလုပ်ခဲ့ရတာပဲ ဖြစ်တဲ့အတွက် ပြဿနာတော့ မရှိပါဘူး။

လက်ရှိအနေအထားအရတော့ ကျနော်တို့အားလုံး အိမ်ပြန်လမ်းပေါ်ရောက်နေပြီးလို့ ကျနော်တို့ ပြောလိုတယ်။ အိမ်ရောက်ချင်တဲ့ စိတ်လည်းပြင်းထန်တယ်။ တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူလူထု အားလုံး လွတ်လပ်လုံခြုံစွာနဲ့ အိမ်ပြန်နိုင်ဖို့ အတွက်လည်း ကျနော်တို့ ဘုံရည်မှန်းချက်တူတဲ့ မဟာမိတ်တပ်ဖွဲ့များနဲ့ ကျောချင်းကပ်၊ ရင်ချင်းအပ် ပြီးတော့ တိုက်ပွဲဝင်သွားမှာ ဖြစ်တယ်။

မေး။ ။ အခုလတ်တလော ဒီနှစ်ပိုင်းမှာ ဆိုရင် စစ်ကောင်စီ စစ်ကြောင်းကတိုက်ခိုက်မှု တွေဆက်တိုက်လုပ် ဆောင်နေတာနဲ့ ပတ်သက်ပြီး ဒေသခံပြည်သူတွေကို ဘာများ သတိပေးချင်ပါသလဲ။

ဖြေ။ ။ အကြမ်းဖက် စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ဒီတိုင်းပြည် တည်ဆောက်ဖို့ ဘာမှလုပ်တတ်တာ မဟုတ်ဘူး။ အလုံးစုံ ပျက်စီးရေးကိုပဲ လုပ်တတ်တာဖြစ်တယ်။ အခုလည်း ကရင်ပြည်နယ်မှ မဟုတ်ပါဘူး။ တစ်နိုင်ငံလုံးမှာရှိတဲ့ နိုင်ငံသူ နိုင်ငံသားများနဲ့ ပြည်သူလူထု အိုးအိမ်စည်းစိမ်တွေကို အကြောင်းမဲ့ အိမ်တွေကို မီးရှို့တာ လက်နက်ကြီးနဲ့ပစ်တာ လေယာဉ်နဲ့ ဗုံးကြဲတာတွေ လုပ်ဆောင်နေတာ အများကြီးရှိတယ်။

ဒီလိုပဲ အပြစ်မဲ့ပြည်သူတွေရဲ့ အသက်ပေါင်းများစွာလည်း သေကြေ၊ ပျက်စီးခဲ့ရတာတွေလည်း တွေ့နေရပါ တယ်၊ ဒါဟာ သူလုပ်တတ်တဲ့အလုပ်ပဲ ဒါကြောင့်မို့လို့ ကျနော်တို့ ပြည်သူလူထုအနေနဲ့ လက်နက်ကြီးဒဏ်၊ လေယာဉ် ဗုံးကြဲတဲ့ ဒဏ်တွေ မခံရအောင်ကြိုတင်ပြင်ဆင်မှုတွေ ဖြစ်တဲ့ ဗုံးခိုကျင်းများနဲ့ ပြင်ဆင်တည်ဆောက် ထားဖို့ လိုပါ တယ်။ အလားတူတိုက်ပွဲဖြစ်ပေါ်လာနိုင်တဲ့ တိုက်ပွဲပြင်းထန်လာနိုင်တဲ့ ဧရိယာနဲ့ဝေးတဲ့ နေရာမှာ ကြိုတင် ရှောင်ရှား ကြဖို့လည်း တိုက်တွန်းလိုပါတယ်။

မေး။ ။ ရဲဘော် စောရှားခင်ဗျာ။ နောက်ဆုံးမေးခွန်းအနေနဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန် နေကြတဲ့ မိတ်ဖက် အဖွဲ့အစည်းတွေနဲ့ ပြည်သူလူထု အပါအဝင် တော်လှန်ရေးမှာ ပါဝင်နေကြတဲ့ ရဲဘော်၊ ရဲဘက်တွေ အပေါ် PDF ၄ နှစ်ပြည့် အမှတ်တရစကား ဘာများပြောချင်ပါသလဲ။

ဖြေ။ ။ နောက်ဆုံးအနေနဲ့ ကျနော်ပြောလိုတာတော့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF တောင်ပိုင်း စစ်ဒေသ အနေနဲ့ ၄ နှစ် တာကာလ စစ်ရေးအတွေ့အကြုံ ဘုံရည်မှန်းချက် တိကျခိုင်မာပြီး ပန်းတိုင်ရောက်ဖို့ ပြည်သူ လူထုအမှန်တကယ်အားကိုးရတဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော်-PDF တစ်ရပ်ဖြစ်ရမယ်ဆိုတာ ခိုင်မာ တဲ့ သန္နိဌာန်ချပြီး တက်ညီ လက်ညီနဲ့ ချီတက်သွားမှာဖြစ်တယ်။ အောင်စိတ်ထား ရှိနေမယ်။ အောင်မြင်အောင် လုပ်မယ်ဆိုတဲ့ ဇွဲသတ္တိအပြည့်နဲ့ လုပ်ရင် ဒီတော်လှန်ရေးက အောင်မြင်မှာ ဖြစ်တယ်လို့ ပြောလိုပါတယ်။