မေလ ၆ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့ ထေ့စဘန်းရှေ့ ဓါတ်ဆီဆိုင်တစ်ခုအတွင်း အချိန် ကြာမြင့်စွာ ရမ်းသမ်းပစ်မှုများ လုပ်ဆောင်ခဲ့သော သေနတ်သမားတစ်ဦးအား ထိုင်းရဲတပ်ဖွဲ့များက ပစ်ခတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း ထိုင်းမီဒီယာများက ဖော်ပြသည်။
ယနေ့ မေလ ၆ ရက်နေ့ နံနက် ၆ နာရီကျော်ခန့်တွင် သေနတ်သမား ၁ ဦးသည် ထေ့စဘန်း (စည်ပင်) ရုံးအနီးရှိ ဆီဆိုင်အတွင်းသို့ ဦးတည်ရာမဲ့ ပစ်ခတ်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်များက ပြောသည်။
ထိုသို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် သေနတ်သမား ပုန်းအောင်းနေသည့် ဧရိယာအနီး တဝိုက်ကို ထိုင်းရဲတပ်ဖွဲ့များက ပိတ်ဆို့ရှာဖွေမှုများ ပြုလုပ်ခဲ့ပြီး နံနက် (၈) နာရီကျော်ခန့်တွင် ပစ်ခတ်ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်ဟု ထိုင်းသတင်း ဖော်ပြချက်အရ သိရသည်။

“ ပစ်ခတ်ရတဲ့ အကြောင်းရင်းကတော့ မသိသေးဘူး။ သူ့ကို International ဆေးရုံ မီးပွိုင့်နားမှာ ပစ်ဖမ်း လိုက်တာပါ။ CCTV မှတ်တမ်းအရ သူက ည ၂ နာရီလောက်ထဲက အဲဒီ နေရာမှာ အင်္ကျီချွတ်ပြီတော့ သေနတ်နဲ့ လိုက်ရမ်းနေတာ တွေ့ရတယ်။ ထေ့စဘန်းရှေ့ကနေ ဟိုဘက် ဆေးရုံမီးပွိုင့်လောက်ထိ ရဲတွေက ပိတ်ပြီးဖမ်းတာ အဲ့မှာ ပြန်လည်ပစ်ခတ်တာတွေ ရှိတယ်” ဟု မဲဆောက်မြို့ခံ အမျိုးသားတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် ဖမ်းဆီးမှုအတွင်း လူတစ်စုံတစ်ဦးမျှ ထိခိုက်မှုမရှိသော်လည်း သေနတ်သမားအား ရဲများမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့၍ ပုခုံး၌ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လက်ရှိတွင် မဲဆောက်ဆေးရုံသို့ ပို့ဆောင်ထားဆဲ ဖြစ်သည်ဟု ဒေသတွင်း သတင်းမီဒီယာများက ဖော်ပြသည်။
၎င်းဖြစ်စဥ်ကြောင့် ထေ့စဘန်းမီးပွိုင့်နှင့် ရိုဘင်ဆန် ကုန်တိုက် မီးပွိုင့်လမ်းပိုင်းကို လုံခြုံရေးအရ ယနေ့နံနက်အစောပိုင်းတွင် ဖြတ်သန်းသွားလာခွင့် ယာယီ ပိတ်ထားမှုများရှိခဲ့ပြီး လက်ရှိတွင် ပိတ်ထား သော လမ်းများအား ပုံမှန်အတိုင်း ပြန်လည်အသုံးပြု သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။



















