မေ ၅ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၂)တောင်ငူခရိုင်ထိန်းချုပ်နယ်မြေရှိ သံတောင်-တောင်ငူလမ်းအား ပြန်လည်သွားခွင့်ပေးလိုက်ပြီဖြစ်ကြောင်း ယမန်နေ့ မေလ(၄)ရက်စွဲဖြင့် ထွက်ပေါ်လာသည့် ကြေညာချက်အတုအပေါ် စုံစမ်းစစ်ဆေးလျက်ရှိသည်ဟု ကေအဲန်ယူတပ်မဟာ(၂)ဘက်က ပြောသည်။
ပြည်သူလူထု၏တောင်းဆိုချက်အရ တပ်မဟာ(၂)၊ တပ်ရင်း(၅)နယ်မြေရှိ မော်တော်ယာဥ်များအား တော်ငူမြို့သို့ သွားလာ၍ရပြီဖြစ်ကြောင်း တပ်ရင်း(၅)ဌာနချုပ် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ဟုဖော်ပြလက်မှတ်ရေးထိုးထားသည့် အဆိုပါကြေညာချက်မှာ ယမန်နေ့မှစ၍ လူမှုကွန်ရက်စာမျက်နှာ၌ ပျံ့နှံ့လာခြင်းဖြစ်သည်။
တပ်မဟာ(၂)၊ ကေအဲန်ယူအနေဖြင့် အဆိုပါကြေညာချက်ထွက်ပေါ်လာသည့်အပေါ် စုံစမ်းစစ်ဆေးနေပြီး တောင်ငူ-သံတောင်လမ်းပြန်ဖွင့်ပြီဆိုပါကလည်း ထုတ်ပြန်အသိပေးသွားမည်ဟု တောင်ငူခရိုင် ကေအဲန်ယူ၏အုပ်ချုပ်ရေး တာဝန်ရှိသူတစ်ဦးက ပြောသည်။
“တပ်ရင်း(၅)ဘက်ကို မေးပြီးပြီ သူတို့အဲဒီစာမထုတ်ဘူးလို့ ပြောတယ်။ နာမည်ဖျက်ချင်လို့ အဲ့လိုတွေထွက်လာတာလို့ထင်ပါတယ်။ ကေအဲန်ယူဘက်ကလည်း ဒီကိစ္စကိုလိုက်စုံစမ်းနေပါတယ်။ ဖော်ထုတ်ဖို့လည်းလိုက်လံမေးမြန်းနေပါတယ်။ လမ်းပြန်ဖွင့်ပြီဆိုတာနဲ့ တပ်မဟာ(၂)ဘက်က စာပြန်ထုတ်မှာပါ” ဟု ခရိုင်အုပ်ချုပ်ရေးအပိုင်း၌ တာဝန်ရှိသူ က ကေအိုင်စီကိုပြောသည်။
ကေအဲန်ယူ တောင်ငူခရိုင်၏ အတွင်းရေးမှူး ပဒိုစောအယ်ဝါးကလည်း လမ်းပြန်ဖွင့်သည့် ကြေညာချက်မှာအတု ဖြစ်ကြောင်း ကေအိုင်စီ၏ ထပ်ဆင့်အတည်ပြုချက်အပေါ် တုံ့ပြန်ဖြေကြားသည်။

နယ်မြေတွင်းလုံခြုံရေးအခြေအနေများကြောင့် ကေအဲန်ယူတပ်မဟာ(၂)ဘက်က ပြီးခဲ့သည့် မေလ(၁)ရက် နေ့မှစပြီး အဆိုပါ သံတောင်-တောင်ငူလမ်းအား မော်တော်ယာဥ်များအတက်အဆင်းပြုလုပ်ခွင့် ပိတ်ထား ခြင်းဖြစ်သည်။
လမ်းပြန်ဖွင့်သည့် ထိုကြေညာချက်အတုထွက်ပေါ်လာပြီးနောက် မေလ (၄)ရက်နှင့်(၅)ရက်နေ့ နှစ်ရက်လုံး တောင်ငူသို့သွားမည့်မော်တော်ယာဥ်များ လိပ်သိုတွင် စုပြုံနေကြပြီး သွားခွင့်မရဖြစ်နေသည်ဟု သိရသည်။
“အထက်ဘက်ကဆင်းလာပြီး လိပ်သိုနားမှာလာပြုံနေတာ။ မနေ့ကနဲ့ဒီနေ့ပေါ့ နှစ်ရက်လုံးပဲ။ တံတားနားမှာတင် ဆယ်စီးလောက်ရှိမယ်။ သွားလို့တော့မရဘူး” ဟု လိပ်သိုနယ်ခံ အမျိုးသားတစ်ဦးက ပြောသည်။
ဒေသတွင်းသတင်းအရင်းအမြစ်များအရ ပြီးခဲ့သည့် ဧပြီလပိုင်းကအထိ တောင်ငူ-သံတောင်လမ်းပေါ်တွင် စစ်တပ်က ကင်းပုန်းများဝပ်ထားခြင်းနှင့် စစ်ယာဥ်တန်းအသွားအလာများရှိနေပြီး ထိုယာဥ်တန်းများကို တော်လှန်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်သဖြင့် စစ်ကောင်စီတပ်သားထိခိုက်မှုလည်း ရှိနေသည်ဟု သိရသည်။



















