Home သတင်း သေ့ဘောဘိုးအုပ်စု၊ ကွီးလယ့်စုကျေးရွာ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်း ဗုံးကြဲခံရ၍ ကျောင်းသား ၄ ဦး ထိခိုက်ဒဏ်ရာရ

သေ့ဘောဘိုးအုပ်စု၊ ကွီးလယ့်စုကျေးရွာ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်း ဗုံးကြဲခံရ၍ ကျောင်းသား ၄ ဦး ထိခိုက်ဒဏ်ရာရ

479
Photo-CJ

မေလ ၂၉ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်(မြဝတီမြို့တောင်ဘက်)ရှိ သေ့ဘောဘိုးကျေးရွာအုပ်စု၊ ကွီးလယ့်စုကျေးရွာ စာသင်ကျောင်းနှင့် ဗုံးကြီးကျောင်း ယနေ့ ည ၇ နာရီဝန်းကျင်ခန့်တွင် လေယာဉ်ဖြင့် ဗုံးကြဲခံရပြီး ကျောင်းသား ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုတွင် ကွီးလယ့်စု ဘော်ဒါဆောင်အနီး ဘောလုံးကွင်းတွင် တစ်လုံးနှင့် ကျေးရွာဘုန်း ကြီးကျောင်းဝင်း၌ တစ်လုံးကျရောက်ပေါက်ကွဲခဲ့သည်ဟု ဒေသခံကျေးရွာသူကြီးတစ်ဦးက ယခုလို ပြောသည်။

Photo-CJ

“လေယာဉ်က နှစ်စင်း၊ နှစ်ခါ လာကြဲသွားတယ်။ သူလာကြဲတဲ့ဗုံး အထဲမှာ အလုံးကြီးတစ်လုံးထဲမှာ အထဲမှာ ဗုံးသီးတွေ အများကြီးပါတဲ့ဟာမျိုးလေ။ ကျနော်နာမည်ခေါ်တတ်ဘူး။ ညဘက်မှောင်တော့ အထိအခိုက်ကိုတော့ သေချာမသိဘူး။ ကလေး ၄ ယောက်ထိခိုက်ဒဏ်ရာရရှိတယ်။ ဆယ်ကျော်သက်အရွယ် ယောက်ျားလေးတွေချည်းပါပဲ။ ပေါင်မှာ ထိမှန်တဲ့ ကလေးက ပြင်းထန်တယ်။ ကျန်တဲ့ကလေးတွေက ဒဏ်ရာသိပ်မပြင်းဘူး။ ဘော်ဒါဆောင်နေတဲ့ ကလေးတွေပါ။ ဒဏ်ရာပြင်းထန်တဲ့ကလေးကိုတော့ ထိုင်းဘက်ကို ပို့လိုက်တယ်။ ”ဟု ကေအိုင်စီသို့ ပြောသည်။

Photo-CJ

ကွီးလယ့်စုကျောင်းသည် ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန -KECD က စီမံခန့်ခွဲမှုအောက်ရှိ စာသင် ကျောင်းဖြစ်သည်။ လက်ရှိတွင် ကျောင်းဖွင့်ချိန် မဟုတ်သေးသဖြင့် ဘော်ဒါဆောင်တွင် ကျောင်းသား ဒါဇင် ဝက်ခန့်သာနေထိုင်ကြသည်ဟုလည်း အဆိုပါ ကျေးရွာတာဝန်ရှိသူက ဆက်ပြောသည်။

ထို့အပြင် အဆိုပါ ကျေးရွာတွင်း ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် လက်ရှိတွင် ရွာသူရွာသားများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

Photo-CJ

လတ်တလောတွင် ကွီးလယ့်စုကျေးရွာ မြောက်ပိုင်း ၃ မိုင်အကွာအဝေးရှိ သေ့ဘောဘိုးဒေသတွင်းအပါအဝင် ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီ စစ်ကောင်စီစခန်းများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLAနှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့-KNDO ဦးဆောင်သည့် တော်လှန်ရေးတပ်ဖွဲ့က ဆက်တိုက် တိုက်ခိုက်သိမ်းပိုက်လျက်ရှိသည်။