မေလ ၅ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ သထုံခရိုင် တပ်မဟာ(၁) ထိန်းချုပ်နယ်မြေ၊ သထုံမြို့နယ် ရန်ကုန်-မော်လမြိုင် ကားလမ်းမပေါ်ရှိ မိုးကောင်းတံတား မိုင်းခွဲခံရပြီးနောက် သထုံမြို့နယ်ရှိ ကျေးရွာ များသို့ ယမန်နေ့ မေလ ၄ ရက်နေ့တွင် စစ်ကောင်စီက လက်နက်ကြီးနှင့် လေကြောင်းသုံး တိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် မေလ ၃ ရက်နေ့ညတွင် မိုင်းခွဲဖျက်ဆီးခံရခြင်းကြောင့် မိုးကောင်းတံတား ပြိုကျမှု ဖြစ်ပွား ပြီးနောက် ယမန်နေ့ မွန်းလွဲအချိန်တွင် စစ်ကောင်စီ၏ အမှတ် (၃၁၀ )အမြောက်တပ်က ဘီးလင်းမြို့ နယ်၊ ရွှေရောင်ပြကျေးရွာအုပ်စုရှိ မိကျောင်းအိုင်ကျေးရွာသို့ လက်နက်ကြီး (၂) လုံး ပစ်ခတ်ခဲ့သည်။ ၎င်းအပြင် တိုက်လေယာဉ်ဖြင့် ဗုံးသီး (၂)လုံး ကြဲချကာ ဘုန်းကြီးကျောင်းနှင့် ရော်ဘာခြံများ ထိခိုက်ပျက် စီးခဲ့ကြောင်း ကျေးရွာအုပ်စုမှူးက ယခုလို ပြောသည်။
“ ၃ရက်နေ့ ည တံတားကျိုးပြီး မနေ့က မွန်းလွဲ ၁ နာရီ ကျော်ကျော်လောက်မှာ လေယာဉ် စကြဲ တော့ တာပဲ။ ၃၁၀ အမြောက်တပ်ကလည်း လက်နက်ကြီး ပစ်တယ်။ လက်နက်ကြီးကော၊ လေယာဉ်ပါ လာပစ်တာ။ ထိခိုက်မှုအနေနဲ့ကတော့ မိကျောင်းအိုင် တောရကျောင်း ထိတယ်။ သင်္ချိုင်းကုန်း တွေမှာလည်း ကျည်ကျတယ်။ အသုဘချတဲ့အချိန်ဖြစ်တော့ သူပြေးကိုယ်ပြေး ပြေးနေရတယ်။ အခုတံတားကတော့ မြေဖို့ပြီးတော့ ပေးသွားနေပါပြီ။ ” ဟု ကေအိုင်စီသို့ ပြောသည်။

၎င်းအပြင် ထိုနေ့ည ၇ နာရီ ခွဲ ဝန်းကျင်အချိန်၌ စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ- ၂၀၆ တပ်က ကော့လှိုင်းကျေးရွာအုပ်စုအတွင်း လက်နက်ကြီး (၂)လုံး ပစ်ခတ်ခဲ့ရာ ကျုံမှိန်ကျေးရွာအနီးသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူမရှိခဲ့ကြောင်း ဒေသခံတာဝန်ရှိသူက ပြောသည်။
ထိုနေ့ည ၁၁ နာရီကျော်အချိန်တွင်လည်း ဒူးသထူ(သထုံ)ခရိုင် ဖားအံမြို့နယ်၊ ဖလံတောင်ကျေးရွာရှိ တိုက်နယ်ဆေးရုံကို ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ပြီး ဆေးရုံအဆောက်အအုံ ပျက်စီးခဲ့သော်လည်း လူနေထိုင်ခြင်းမရှိ၍ တစ်ဦးတစ်ယောက်မျှထိခိုက်မှုမရှိကြောင်း သိရသည်။



















