Home သတင်း ၃၁ ဗျူဟာထံသို့ အောင်ဇေယျစစ်ကြောင်းမှတပ်ဖွဲ့ဝင် ၃၀ ဦးကျော် တစ်နှစ်အတွင်း အလင်းဝင်လာ

၃၁ ဗျူဟာထံသို့ အောင်ဇေယျစစ်ကြောင်းမှတပ်ဖွဲ့ဝင် ၃၀ ဦးကျော် တစ်နှစ်အတွင်း အလင်းဝင်လာ

556
Photo: ၃၁ ဗျူဟာ

မေ ၁၂၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကော့ကရိတ်-မြဝတီ အာရှလမ်းကို လာတိုက်နေသည့် စစ်ကောင်စီ အောင်ဇေယျစစ်ကြောင်းမှ တစ်နှစ်အတွင်း အရာရှိ၊ တပ်သား ၃၀ ဦးကျော်သည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA၊ မဟာမိတ် ၃၁ ဗျူဟာ စစ်ကြောင်းထံသို့ အလင်းဝင်လာသည်ဟု စစ်ကြောင်း တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီက ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဧပြီ ၉ ရက်နေ့မှစ၍ အဆိုပါ အာရှလမ်းကို ပြန်စိုးမိုးရန် အောင်ဇေယျ စစ်ဆင်ရေးကို စတင်ခဲ့သည်။ သို့သော် ၂၀၂၅ ခုနှစ်၊ မေလ အထိ ကော့ကရိတ်နယ် တောနော်ရေတံခွန် တောင် ကြော နေရာကိုပင် ကျော်လွန် နိုင်ခြင်းမရှိ ဖြစ်နေခဲ့သည်။

ထို့အပြင် ထိခိုက်သူ၊ သေဆုံးသူနှင့် စစ်ကြောင်း စွန့်ခွာထွက်ပြေးသူ၊ တော်လှန်ရေး ပူးပေါင်းတပ်များထံသို့ အလင်း ဝင်သူ တို့ဖြင့် စစ်ကြောင်း ပျက်နေသည်ကို တွေ့ရသည်ဟု တော်လှန်ရေးပူးပေါင်းတပ် ၃၁ ဗျူဟာ စစ်ကြောင်း တာဝန်ရှိသူက ယခုလို ပြောသည်။

“အောင်ဇေယျ စကစ စစ်သားတွေနဲ့က သိပ့်မဝေးဘူး၊ တိုက်နေရတာက သူတို့အရာရှိ လစ်တာနဲ့ ထွက်ပြေးလာ တာဘဲ အခုဆို အယောက် ၃၀ ကျော်ရှိလာပြီး။ ဒီစစ်ဆင်ရေး တစ်နှစ်လောက်အတွင်းမှာ အရာရှိတစ်ယောက် အပါ ပေါ့နော်။ လက်နက်ပါတာကတော့ ဆယ်လက် လောက်ရှိတယ်။ တစ်ယောက် သိန်းငါးဆယ် ဆုချတယ်။ လက်နက်မပါသူကို ငါးသိန်းဆုချတယ်။ သုံးပန်စခန်းမှာ နေမလား၊ သူတို့သွားခြင်လာခြင်တဲ့ နေရာတွေဆီချိတ် ဆက် ပို့ပေးလိုက်တာမျိုးလည်း ရှိတယ်” ဟု ၎င်းက ပြောသည်။

Photo: ၃၁ ဗျူဟာ

ထို့အပြင် ပြီးခဲ့သည့် မတ်လမှစ၍ ကျုံဒိုးမြို့ စစ်ကောင်စီအခြေစိုက် တပ်ရင်းများက စစ်ကူနှင့် ခဲယမ်းများ ကော့ကရိတ် စစ်ရေးနယ်သို့ ထပ်မံပို့ဆောင်အင်အား ဖြည့်ရန် ကြိုးစားနေသော်လည်း KNLA မဟာမိတ်တပ် များက ကြားဖြတ်တိုက်ခိုက်သည့်အတွက် ကော့ကရိတ်သို့ စစ်ကူလမ်းကြောင်း ပြတ်တောက် နေပြီး ဖြစ်သည်။

“အောင်ဇေယျ စတိုက်တုန်းက တပ်ရင်းအစုံ အင်အားတစ်ထောင် ဝန်းကျင်နဲ့ထိုးစစ်လုပ်တာ၊ အခုတော့ ရာဂဏန်း ဘဲရှိတော့တဲ့ အချိန်မှာ နောက်ထပ်အင်အား ၅၀၀ ကျော်ထပ်ပို့ပြီး ဒရုန်းတပ်၊ လေကြောင်းပစ်ကူအပြင် ကွန်မန်ဒို တပ်ရင်းပါထပ်ဖြည့်ပြီး အရှိန်ထပ်မြှင့်ဖို့ တိုက်တာမှာ အခုကျုံဒိုးလမ်းတစ်ကျော ဖြတ်တိုက်ခံနေရတော့စစ်ကူလမ်း ကြောင်းပြတ်နေပြီး” ဟုကော့ကရိတ်စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်က ပြောသည်။

ထိုသို့ စစ်ကူပြတ်တောက်နေသည့် အခြေအနေတွင် အာဏာသိမ်း ဗိုလ်ချုပ်ကြီးများ၏ အကျိုးစီးပွားကာကွယ်ရန် တိုက်ခိုက်ပေးနေရသည့်အောင်ဇေယျစစ်ဆင်ရေး ရှေ့တန်းသို့ ပို့ဆောင်ခံရသည့် စစ်ကောင်စီလက်အောက်မှ ရဲဘော်တပ်သားများအနေဖြင့် အသက်ရှင်သန်ခွင့်ရရန် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA ထံသို့ လာရောက်အလင်းဝင်ရန် မေ၁၀ ရက်က ဆက်သွယ်ရန် ဖုန်းနံပါတ်များနှင့် တကွ အသိပေးနိုးဆော်ထား သည်။

Photo: ၃၁ ဗျူဟာ