မေ ၁၂၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ၊ ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်၊ စစ်ကောင်စီ တာလယ်ဗျူဟာ စခန်းကို ကရင်အမျိုးသား လွတ်မြောက် ရေးတပ်မတော်-KNLA၊ ပူးပေါင်းတပ်များက တိုက်ခိုက်နေပြီး ထိုင်းဘက် ထာ့ဆောင်ယန်းမြို့နယ်၊ မယ့်လထ ရွာသို့ မေ ၁၀ ရက်နေ့တွင် စစ်ရှောင်သစ်များ ရောက်ရှိလာသည်ဟု ရွာသားတစ်ဦးက ပြောသည်။
ကေအဲန်ယူ၊ ပိုင်ကျုံမြို့နယ်အတွင်းရှိ တခေါ်ဘီခွီး(လေးပနားဒီ)စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA၊ ကရင်အမျိုးသားကာကွယ်ရေး တပ်မတော်-KNDO တို့က မေ ၉ ရက်နေ့တွင် အပြီးတိုက်ခိုက် သိမ်းယူ သွားနိုင်သည့်အတွက် ထိုင်းဘက်သို့ ထွက်ပြေးလာသည့် စစ်ရှောင် အယောက် ၂၅၀ ကျော်သည် မေ ၁၀ ရက်နေ့တွင် နေရပ်သို့ ပြန်သွားပြီး ဖြစ်သည်။
သို့သော် ပိုင်ကျုံမြို့နယ်ထဲရှိ စစ်ကောင်စီ တာလယ်ဗျူဟာစခန်းကို ဆက်လက်တိုက်ခိုက်သည့်အတွက် ထိုင်းနိုင်ငံ ထာ့ဆောင်ယန်းမြို့နယ် မယ့်လာထ တွင် ယမန်နေ့ ၁၀ ရက်တွင် စစ်ရှောင်အသစ်ထပ်မံ ရောက်လာခြင်းလည်း ရှိလာသည်ဟု ဒေသခံ ထိုင်းကရင်လူမျိုးတစ်ဦးက ယခုလို ပြောသည်။
“တချို့ကတော့ ပြန်သွားပြီး တချို့က ရှိသေးတယ်။ ထိုင်းဘက်မှာတော့ မယ့်လာထ ဘုန်းကြီးကျောင်းနဲ့ မယ့်အော် ဖာလူး ဘုန်းကြီးကျောင်းမှာ နှစ်နေရာထားတယ်။ မယ့်အော်ဖာလူးမှာရှိတဲ့ စစ်ရှောင်တွေက မနေ့က အကုန်ပြန် သွားကုန်ပြီး။ မယ်လာထမှာတော့ တချို့ဒီနေ့ ပြန်ထပ်ပို့မယ် ထင်တယ်။ အရင်တော့ မေးမယ် သူတို့ ပြန်လို့ရပြီး လား မရသေးဘူးလား အဲဒါတွေပေါ့” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ထိုင်းဘက်ခြမ်းသို့ ဝင်ရောက်လာသည့် စစ်ရှောင်များကို ထိုင်းနိုင်ငံအတွင်းရှိ လူသားချင်းစာနာ ထောက်ထားသည့် NGO အဖွဲ့များက ကူညီပေးခြင်းရှိသည်ဟုလည်း ၎င်းကဖြည့်စွက် ပြောသည်။
ထို့အပြင် ထိုင်းသတင်းဌာနဖြစ်သည့် ဘန်ကောက်ပိုစ့်၌လည်း KNLA နှင့်စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားသည့် အတွက် မေ ၁၀ ရက်နေ့တွင် ထိုင်းဘက်သို့ လူဦးရေ ၃၀၀ ကျော် စစ်ရှောင်လာသည်ဟု ဖော်ပြထားသည်။
ယခု ၂၀၂၅ ခုနှစ်အတွင်း စစ်ကောင်စီတပ်စွဲထားသည့် ကေအဲန်ယူ၊ပိုင်ကျုံမြို့နယ် ထဲရှိ တခေါ်ဘီခွီးစခန်းနှင့် ပူးလူတူစခန်း၊ လှိုင်းဘွဲမြို့နယ်ရှိ ခလယ့်ဒေးစခန်းနှင့် နဘူးမြို့နယ်ထဲရှိ လေးဝေါ်(မော်ကလာ) စခန်းတို့ကို KNU ဘက်က ဆက်တိုက် သိမ်းယူခဲ့သည်။



















