Home သတင်း သေ့ဘောဘိုးစခန်းမကျရေး ဝေါလေစစ်ကောင်စီစခန်းမှ စစ်ကူ ၁၀၀ ကျော် စစ်ကြောင်းထိုး

သေ့ဘောဘိုးစခန်းမကျရေး ဝေါလေစစ်ကောင်စီစခန်းမှ စစ်ကူ ၁၀၀ ကျော် စစ်ကြောင်းထိုး

661
Photo- CJ

မေလ ၂၇ ရက်၊ ၂၀၂၅ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ တပ်မဟာ ၆ နယ်မြေ၊ ကော့ကရိတ်မြို့နယ် (ထိုင်း-မြန်မာနယ်စပ် မြဝတီတောင်ဘက်)ရှိ သေ့ဘောဘိုးကျေးရွာတွင် တော်လှန်ရေးတပ်ဖွဲ့များ ပိတ်ဆို့ခံထားရသော စစ်စခန်းလက်မလွှတ်ရရေးအတွက် ဝေါလေဗျူဟာအခြေစိုက် စစ်ကောင်စီ အင်အား ၁၀၀ ကျော် စစ်ကြောင်းထိုးလာသည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်အရ သိရသည်။

အဆိုပါ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၀၀ ကျော်သည် လက်ရှိတွင် ထိုင်း-မြန်မာနယ်စပ် မောကဲထိုင်း တဘက်ကမ်း မဲကလာချောင်းအနီးအနားဝန်းကျင်တွင် ရောက်ရှိနေပြီဟု စစ်မြေပြင် သတင်းအရင်းအမြစ်က ယခုလို ပြောသည်။

၎င်းက “ ဒီစစ်တပ်က မောကဲထိုင်းရွာဘက်ကို ရောက်မှ သူများတွေ့ရတယ်။ အခုဆို မဲကလာ ချောင်း တဖက်ကမ်းမှာပဲရှိသေးတယ်။ မကူးရသေးဘူး။ အဖွဲ့ နှစ်ဖွဲ့၊ စစ်ကြောင်း နှစ်ကြောင်းချီတက် လာတယ်လို့ သိရတယ်။ တဖွဲ့က အင်အား ၅၀ ပါတယ်။ တစ်ဖွဲ့က အင်အား ၇၀ လောက်ရှိတယ်။ ပေါင်းလိုက်ရင် ၁၀၀ ကျော်တယ် ”ဟု ကေအိုင်စီသို့ ပြောသည်။

ဒေသခံများ၏ ပြောဆိုချက်အရ အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ထိုင်းဘက်ခြမ်းသို့ ကူးသွားပြီးမှ မြန်မာနိုင်ငံဘက်ကို ပြန်လည်ဝင်ရောက်လာခြင်းဖြစ်သည်ဟု ပြောဆိုနေကြသည်။ သို့သော် ယင်းပြောဆိုချက်နှင့်ပတ်သက်၍ ကေအိုင်စီအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။

Photo- CJ

ထို့အပြင် အဆိုပါ စစ်ကြောင်းထိုးလာသော စစ်ကြောင်းအား သွားကြိုရန်အတွက် သေ့ဘောဘိုးစခန်းရှိ တပ်ဖွဲ့ဝင်များလည်း စခန်းအပြင်ထွက်လာသည့်အတွက် ယနေ့ နံနက် ၁၀ နာရီဝန်း ကျင်အချိန်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ဦးဆောင်သည့် တော်လှန်ရေးတပ်ဖွဲ့နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဘက်က ပြောသည်။

ထိုအခြေအနေကြောင့် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်-DKBA ဌာနချုပ်ရှိရာ ဆုံဆည်းမြိုင်ကျေးရွာ ဒေသခံများမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသလို သေ့ဘောဘိုးကျေးရွာ ဒေသခံအချို့လည်း ထိုင်းဘက်ခြမ်းသို့ ရုတ်တရက်တိမ်းရှောင်ခဲ့ကြရသည်ဟု ကျေးရွာတာဝန်ရှိသူတစ်ဦးက ပြောသည်။

Photo-CJ

“ သေ့ဘောဘိုးရွာထဲမှာလည်း တိုက်ပွဲဖြစ်တယ်။ ဝေါ်လေစစ်ကူလည်း တက်လာတယ်။ လေးဝေါ်-(ဆုံဆည်းမြိုင်ရွာအနီးရှိ စစ်စခန်းကုန်း)ကလည်း လက်နက်ကြီးထုတယ်။ ရွာထဲမှာ လက်နက်ကြီးကျည်ကျတယ်။ မီးခိုးလုံးတွေလည်း ထွက်လာတာကို တွေ့ရတယ်။ ဘယ်သူ့အိမ် ထိသွားပြီလဲ မသိဘူး။ အခု ရွာသားအချို့ကတော့ ထိုင်းဘက်ကမ်းပြေးသွားပြီ။ မိုးကလည်းကြီးတယ်။ ”ဟု ကေအိုင်စီသို့ ပြောသည်။

ယခု တိုက်ပွဲဖြစ်စဉ်နှင့်ဆက်စပ်၍ ပြီးခဲ့သည့် မေလ ၂၅ ရက်နေ့တွင်လည်း ဝေါ်လေ စစ်ဗျူဟာကုန်းမှ ပစ်ခတ်လိုက်သော လက်နက်ကြီးကြောင့် သေ့ဘောဘိုးကျေးရွာအုပ်စု၊ တာအူးထကျေးရွာထဲသို့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့ရာ ရွာသား ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။