“ကျနော်ပြောချင်တာက ပညာတတ် လူငယ်တွေ အနေနဲ့ ပြန်လာပူးပေါင်းပြီး လုပ်ဆောင်ဖို့ ဒီကရင်ပညာရေးနဲ့ ယဉ်ကျေးမှုတွေ တိုးမြင့်အောင် ပြည်တွင်းပြည်ပက လူငယ်တွေ ခရိုင်တွေထဲ ပြန်လာလုပ်ဆောင်ဖို့ ပြောချင်တယ်။”
တောင်ငူ ခရိုင်ပညာရေးမှူး ပဒိုစောဟဲစိုးနှင့် မေးမြန်းခြင်း
မေလ ၂၂ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်ထားရာ တော်အူး ခေါ် တောင်ငူခရိုင်ဟာ တောင်တန်းတွေ ပေါ်များပြီး လမ်းပမ်းဆက်သွယ်ရေးခက်ခဲတဲ့ ခရိုင်တစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် စစ်ရေး ပဋိပက္ခကိုလည်း ကြုံတွေ့နေရပြီး အထူးသဖြင့် စစ်ကောင်စီရဲ့လေကြောင်းနဲ့ လက်နက်ကြီး ဒဏ်ကိုအခြားဒေသ နည်းတူ ခံစားကြရပါတယ်။
လမ်းပန်းဆက်သွယ်ရေးနဲ့ ပဋိပက္ခကြောင့် လုံခြုံရေး စိုးရိမ်ရမှု ကြုံတွေ့ရပေမဲ့ ဒေသတွင်း ပညာရေး ကို မြင့်တင်အားပေးတဲ့ ခရိုင်တစ်ခုလည်းဖြစ်ပါတယ်။ ဒါကြောင့် တောင်ငူ ခရိုင်အတွင်းက ပညာရေး လည်ပတ်မှု အခြေအနေ နဲ့ပတ်သက်ပြီး တောင်ငူ ခရိုင်ပညာရေးမှူး ပဒို စောဟဲစိုး နဲ့ တွေ့ဆုံမေးမြန်းထားတာကိုဖော်ပြပေးလိုက်ပါတယ်။
မေး။ ။ တောင်ငူခရိုင်က ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန-KECD လက်အောက်မှာ ဖွင့်ထားတဲ့ ကျောင်းအရေအတွက်နဲ့ ၊ ကျောင်းသား၊ ကျောင်းသူ အရေ အတွက်ကို ကနဦး ပြောပြပေးပါ။
တောင်ငူခရိုင်အတွင်း မြို့နယ် (၂) ခုရှိတယ်။ ကျေးရွာအုပ်စုက (၁၈) ခု ထန်းတစ်ပင်မှာတော့ ကျေးရွာအုပ်စု (၅) ခု သံတောင်ကြီးဘက်မှာတော့ ကျေးရွာအုပ်စု (၁၃) ခု ရှိတယ်။ ထန်းတစ်ပင်မှာ ကျောင်း (၅၈) ကျောင်း သံတောင်းကြီးမှာ ကျောင်းပေါင်း (၁၅၆) ကျောင်း အားလုံးပေါင်း (၂၁၄) ကျောင်းရှိတယ်။ တောင်ငူခရိုင်အ တွင်းက ကျောင်းသားကျောင်းသူ စုစုပေါင်းကတော့ (၁၄,၈၄၈) ယောက် ရှိတယ်။
မေး။ ။ ခရိုင်အတွင်းမှာ ကရင်မျိုးနွယ်စုတွေလည်း များတော့ သင်ကြားရေးအပိုင်း ထိရောက်အောင် ဆောင်ရွက်နေမှု အခြေအနေကို ပြောပြပေးပါ။
ကျနော်တို့ တောင်ငူခရိုင်ထဲမှာတော့ လူမျိုးပေါင်းစုံ ရှိတယ်။ ကျောင်းလည်ပတ်မှုကို ပြန်ကြည့်တဲ့အခါ KECD သင်ရိုးညွှန်းတမ်းကို သင်ဖို့ ကျောင်းအသစ်တွေ ဖြစ်ဖြစ် တခြားသောလူမျိုး ကျောင်းသားတွေ ဖြစ်ဖြစ် အခက်အခဲတော့ ရှိတယ်။ ဒါပေမဲ့ ကျနော်တို့ အားပေးသင်တယ်။ သူတို့ရဲ့ ဘာသာစကားကိုကော ထည့်သွင်းပြောခိုင်းတယ်။
ဒီ KECD သင်ရိုးညွှန်းတမ်းကို အများကြီးမရရင် ဗမာဘာသာရှိတဲ့အတွက် ကျောင်းသူ ကျောင်းသားတွေလည်း သင်ယူလို့ အဆင်ပြေအောင် အဲ့တာကို ထည့်သွင်းသင်ရတယ်။ သင်ကြားရေး အပိုင်းမှာလည်း ဆရာ၊ ဆရာမတချို့က KECD သင်ရိုးညွှန်းတမ်းကို မသင်ကြားတတ်တာမျိုးရှိရင် အဓိကတော့ ကလေးတွေစာကို သင် ယူနိုင်အောင်လို့ ဒီဗမာစကားကို ထည့်သွင်းသင်ပေးရခြင်းဖြစ်တယ်။
မေး။ ။ လူမျိုးတွေအနေနဲ့ ဘယ်နှစ်မျိုးလောက် ရှိသလဲ။
လူမျိုးတော့ ကျနော်တို့ တောင်ငူအတွင်းမှတော့ ဗမာ၊ ကရင်၊ဘွဲ၊ တောသူး၊ ကယ်ဘား၊ မော်နေပွာ၊ မြစ်ဝကျွန်းပေါ်၊တောင်ပေါ်မော်နေပွာ၊ ပကူး အများကြီးရှိတယ်။
မေး။ ။ အခု တောင်ငူခရိုင်အတွင်းမှာလည်း စစ်ရေးက မငြိမ်သတ်တော့ သင်ကြားရေးအပိုင်း ဘယ်လို အခက်အခဲတွေရှိလဲ။
ကျနော်တို့ တောင်ငူခရိုင်တွင်းမှာတော့ စစ်ရေးတိုက်ခိုက်မှုတွေကြောင့် ပညာမှာ အခက်အခဲ ကတော့ အများ ကြီးရှိတယ်။ ကျောင်းတွေက များလာတယ်။ ဒါပေမဲ့ လေယာဉ် ခြိမ်းခြောက်မှုဖြစ်ဖြစ် လေကြောင်း ဗုံးကြဲတာ လက်နက်ကြီးပစ်တာတွေက ကလေးတွေ စာသင်နေတဲ့ အချိန်အဖြစ်များတယ်။
နောက်တစ်ခုက ကျောင်းများလာတဲ့အတွက် ဖတ်စာအုပ်၊ သင်ရိုးညွှန်းတမ်း၊ ကျောင်းသုံးစာအုပ်၊ ကျောင်းဆောင်၊ ကျောင်းပရိဘောက ပစ္စည်း၊ ကျောင်းတစ်ကျောင်းနဲ့ တစ်ကျောင်းသွားလာဖို့ ကျနော်တို့ သွားလာဖို့ ခက်ခဲတယ်။ စစ်ရေးမငြိမ်မသက်မှုနဲ့ သဘာဝဘေးကြုံတွေလာရမဲ့ အမျိုးမျိုးသောအရာတွေကို ကျောင်းတွေနဲ့ ကျနော်တို့ လုပ်ဆောင်နေတဲ့ပညာရေးနဲ့ ပတ်သက်တာတွေတော့ ကျနော်တို့ တောင်ငူခရိုင်အတွင်းမှာ ကြုံရတာ များတယ်။
မေး။ ။ နောက်ပြီး တခြားနေရာတွေက ခရိုင်ထဲကို အမျိုးမျိုးကြောင့် ရောက်ရှိလာတဲ့ ကလေးတွေလည်း ရှိတယ်လို့ သိရတယ်။ ကျောင်းဆောင်နဲ့ ဆရာ၊ ဆရာမ လုံလောက်လား။ဘယ်လိုအခက်အခဲရှိလဲ။
ကျောင်းတချို့ မှာ ကျောင်းသားတွေ များလာတယ်၊ ကျောင်းဆောင်တွေ လုံလောက်မှုမရှိဘဲ အသစ် ဆောက်ရမှာ တွေ တွေ့ရတယ်။ နောက်ပြီး ဘော်ဒါဆောင်မှာလည်း ကျောင်းသားတွေ များလာတော့ ကြပ်ကြပ်သိပ်သိပ်နေရ တာတွေ တွေ့တယ်။ သူတို့ကို သင်ကြားပေဖို့ ကျောင်းဆရာ ၊ဆရာမတွေ တချို့ကျောင်းတွေမှာ လိုအပ်တာတွေ ရှိတယ်။
နောက်တစ်ခုက ကျောင်းဆရာ၊ဆရာမ တွေရဲ့ အရည်အချင်း ရှိဖို့ သူတို့ကို သင်းတန်းပေးဖို့ကို လိုအပ်တာတွေ ရှိတယ်။ ကျောင်းသားများလာတာဖြစ်ဖြစ်၊ကျောင်းများလာတာဖြစ်ဖြစ် သူတို့တွေကို သင်ကြားပေးနိုင်ဖို့ ဆရာ၊ ဆရာမတွေကို သင်တန်းတွေပေးဖို့လိုတယ်။
မေး။ ။ ခရိုင်အတွင်း ပညာရေးအပိုင်း မှာ ဘယ်အချက်တွေ အဓိက လိုအပ်နေပါသလဲ။ အများသိအောင် ပြောလို့ ရတဲ့ အပိုင်းတွေ ပြောပေးပါ။
တောင်ငူခရိုင် ပညာရေးအတွက် အဓိက လိုအပ်တဲ့ အရာတွေကတော့ အများကြီးရှိတယ်။ ကျနော်တို့ ကျောင်း တွေ များလာတာနဲ့အမျှ ကျောင်းဆရာ၊ဆရာမတွေ လိုအပ်တယ်။ အရည်အချင်းရှိတဲ့ သူတွေ အဲ့တာတွေကတော့ လိုအပ်တယ်။ ကျောင်းတွေရဲ့ လိုအပ်ချက်တွေကိုဖြည်စွက်ဖို့က အရေးကြီးတယ်။ စာအုပ်တွေ ကျောင်းသားတွေ အတွက်နဲ့ ဆရာ၊ဆရာမတွေအတွက် လုံခြုံမှုရှိတဲ့ နေရာတွေ နဲ့ ပညာရေးပိုင်းမှာ ပံ့ပိုးပေးမဲ့ သူနဲ့ ဆရာ၊ ဆရာမ တွေအတွက် ထောက်ပံ့ပေးနိုင်မှုတွေကို အဓိက လိုအပ်တယ်။
မေး။ ။ တောင်ငူ ခရိုင် က ကျောင်းတွေမှာ ထူးချွန်ကျောင်းသားတွေ နှစ်စဉ် ပေါ်ထွက်နေတာ တွေ့ရတယ်။ ဘယ်လို စီမံ သင်ကြားပေးနေတယ်ဆိုတာ ပြောပြပေးပါ။
ကျနော်တို့ တောင်ငူခရိုင်တွင်းက ပညာရေးပိုင်း တာဝန်ထမ်းဆောင်မှုတွေက ကဏ္ဍအလိုက် ရှိတယ်။ ဌာနချုပ်၊ ခရိုင်၊မြို့နယ်၊ အဖွဲ့အစည်း၊ ကျောင်း၊ ကျေးရွာနဲ့ မိဘတွေ ဒါတွေက ပူးပေါင်း လုပ်ဆောင်ကြတယ်။ ဌာနချုပ် နဲ့ ခရိုင်ကလူတွေကို ပြောကြည့်တဲ့အခါ သူတို့တွေက ပညာရေးပိုင်းကို အားပေးတယ်။ အဲ့လို တိုင်ပင်ပြီးနောက် ကျောင်းအုပ်တွေကို စည်းကမ်းအတိုင်းပေးတဲ့ အခါ ကျောင်းသားတွေနဲ့ အကုန်လုံးက စိတ်တူကိုယ်တူ လုပ် ဆောင်ကြတယ်။ အဲ့တာကြောင့် ခုလို အောင်မြင်မှုတွေ ရလာတယ်လို့ ထင်တယ်။
မေး။ ။ နောက် ၁၂ တန်း ပြီး ဂျူနီယာကောလိပ်အပြင် တခြား အဆင့် မြင့် ပညာတွေ ဆက်သင်ဖို့ ကျောင်းတွေ တိုးချဲ့ ဖွင့်လှစ်သွားဖို့ ရှိပါသလား။
ကျနော်တို့ ခရိုင်တွေမှာ ထားရှိထားတယ်။ နောက်ပိုင်းမှာ ကျောင်းသားကျောင်းသူတွေ အတွက် ဂျူနီယာ ကောလိပ်ကို ထားရှိဖို့ ရည်ရွယ်ထားတယ်။ ဒါပေမဲ့ ဘယ်လို အခက်အခဲရှိနေလဲဆိုတော့ ကျောင်းဆရာ၊ဆရာမ မလုံလောက်မှုအပေါ် ကျနော်တို့ ခရိုင်တွင်းမှာ မဖွင့်နိုင်ပေမဲ့ တောင်ငူခရိုင် ဒူးသထူခရိုင် မူတြော်ခရိုင် ခလယ်လွီ ထူခရိုင် (၄)ခုမှာ ဂျူနီယာကောလိပ်ကျောင်း တခုဖြစ် upper division အဆင့်မြင့် ပညာရေးကျောင်းကို (ဒူတောခလယ်မူကျောင်း) ဖွင့်လှစ်ထားတယ်။ ကျောင်းသားကျောင်းသူတွေအနေနဲ့ JC တက်ပြီး ဆက်တက်လို့ ရအောင် တည်ထောင်ပေးထားတယ်။ ဒါပေမဲ့ ကျနော်တို့ တောင်ငူခရိုင် မှာလည်း ဖွင့်လှစ်ဖို့ ရှိတယ်လို့ ကြိုအသိပေးချင်ပါတယ်။
မေး။ ။ နောက်တစ်ခုက စစ်ရေး ပဋိပက္ခတွေ ကြားမှာ ကလေးတွေ ရဲ့ ပညာရေး နောက်မကျအောင် မိဘ၊ ဆရာ၊ ကျောင်းသား ဘယ်လို ပူးပေါင်းလုပ်ဆောင်သင့်သလဲ ရှင်းပြပေးပါ။
စစ်ပွဲတွေ ဖြစ်နေတဲ့ အပေါ် ကျောင်းသူ ကျောင်းသားတွေ အတွက် စိုးရိမ်တယ်။ ကျောင်းသားမိဘတွေ၊ ကျောင်းဆရာ၊ ဆရာမ၊ ကျောင်းသားကျောင်းသူ ကျောင်းကော်မတီတွေနဲ့ ဒေသခံတွေ ဒီကျောင်းသား ကျောင်းသူတွေ ပညာတတ်အောင်ကို အားပေး တိုက်တွန်းတယ်။ ဒီလိုအခက်အခဲတွေကြားက မဖြစ်မနေ ကျောင်းသားတွေ ဆက်လက်သင်ယူတက်မြောက်အောင် ကျောင်းကော်မတီနဲ့ ကျောင်းဆရာ၊ဆရာမတွေ ကို ပညာရေနဲ့ ပတ်သက်တာတွေက တစ်နှစ်ထက် တစ်နှစ် များလာတယ်လို့ ပြောလို့ရတယ်။
မေး။ ။ ထိန်းချုပ်နယ်မြေတွေ တိုးလာတော့ အရင်က ကေအဲန်ယူ လက်အောက်မှာ မရှိတဲ့ ကျောင်းတွေ ကို အခု ကိုယ့်လက်အောက်ထဲ ရောက်လာတာ ရှိလား။ ဘယ်လို လုပ်ဆောင်နေရပါသလဲ။
ကိုဗစ်ဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာကျောင်းတချို့ ပိတ်လိုက်ရတယ်။ အဲ့တာကြောင့် တချို့ နေရာတွေမှာ ကိုယ်ထူကိုယ်ထ KECD ပညာရေးကျောင်းတွေကို သူ့ကဏ္ဍနဲ့သူ ဌာနချုပ်၊ခရိုင် မြို့နယ်၊ ရွာသားတွေနဲ့အတူ ပူပေါင်းပါဝင်ပြီး လုပ်ဆောင်တဲ့အပေါ် ကျောင်းတွေလည်း များလာသလို ကျောင်းသား ကျောင်းသူတွေလည်း KECD သင်ရိုးညွှန်းနဲ့ ကျနော်တို့ လမ်းစဉ်နဲ့ ယဉ်ကျေးမှုတွေကို ပိုပြီးမှ သင်ယူလာနိုင်တာ တွေ့ရတယ်။
မေး။ ။ ကျောင်းသူကျောင်းသားတချို့အနေနဲ့ အတန်းပညာကို ပြီးမြောက်အောင် မသင်ရသေးပေမဲ့ စစ်မှုထမ်းဥပဒေ ပေါ်လာတဲ့ အပေါ်မှာ ကျောင်းသားတွေအပေါ် ဘယ်လို သက်ရောက်မှုရှိလဲ။
ကျနော်တို့ခရိုင်အတွင်းမှာ ကျောင်းသားမိဘတွေ ဖြစ်ဖြစ် ကျေးရွာတွေများဖြစ်ဖြစ် ကရင်ရွာတွေတိုင်းမှာ မူလတန်းကျောင်းရှိရမယ်။ နောက်တစ်ခုက ကျောင်းသားမိဘတွေအနေနဲ့ ကိုယ့်ရဲ့ ကလေးကို အနည်းဆုံး ၁၂တန်းအောင်တဲ့ အထိထားရမယ်လို့ ပြောကြားထားတယ်။ ဒါပေမဲ့ ကိုဗစ် ကျန်းမာရေးနဲ့ စစ်အာဏာသိမ်းပြီး စစ်မှုထမ်းဥပဒေကြောင့် ကျောင်းပြီးအောင် မတက်လိုက်ရတာတွေ ရှိတယ်။ ခုက ကျောင်းသားတွေအနေနဲ့ သတိထား သွားလာရမယ်။ မြို့ထဲတွေမသွားဖို့ကို ကျောင်းသူ ကျောင်းသားတွေကိုတော့ မှာထားတယ်။
မေး။ ။ နောက်ဆုံး အနေနဲ့ ဘာတွေ ဖြည့်စွက်ပြောချင်ပါသေးသလဲ။
ကျောင်းတွေများလာတဲ့အတွက် ဆရာ၊ဆရာမတွေကတော့ နည်းနေတယ်။ နောက်ပြီး ဆရာ၊ဆရာမတွေရဲ့ အရည်အချင်းတိုးမြင့်ဖို့အတွက် မွမ်းမံသင်တန်းတွေပေးရမယ်။ ဒါပေမဲ့ ကျနော်ပြောချင်တာက ပညာတက် လူငယ်တွေ အနေနဲ့ ပြန်လာပူးပေါင်းပြီး လုပ်ဆောင်ဖို့ ဒီကရင်ပညာရေးနဲ့ ယဉ်ကျေးမှုတွေ တိုးမြင့်အောင် ပြည်တွင်းပြည်ပက လူငယ်တွေ ခရိုင်တွေထဲ ပြန်လာလုပ်ဆောင်ဖို့ ပြောချင်တယ်။
နောက်တစ်ခုက အခုလက်ရှိ ကျနော်တို့ ခရိုင်တွေမှာ လာရောက်ကူညီလုပ်ဆောင်ပေးနေတဲ့ ကဏ္ဍအသီးသီးမှာ ပါဝင်နေကြတဲ့ လူငယ်တွေအနေနဲ့ အခက်အခဲရှိရင် စိတ်ဓာတ်မကျဖို့ တူတူလုပ်ဆောင်သွားကြမယ်လို့ အားပေး တိုက်တွန်းချင်ပါတယ်။