Home သတင်း ကျိုက်ထိုမြို့နယ်အတွင်း စစ်ရှောင်များ စားနပ်ရိက္ခာလိုအပ်ချက် ကြီးမားနေ

ကျိုက်ထိုမြို့နယ်အတွင်း စစ်ရှောင်များ စားနပ်ရိက္ခာလိုအပ်ချက် ကြီးမားနေ

909
Photo: CJ

မေလ ၂၂ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)/သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်များ စားနပ်ရိက္ခာလိုအပ်ချက် ကြီးမားနေသည်ဟု မြေပြင်အနီး ကပ်ကူညီနေသူများက ပြောသည်။

ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့မှစ၍ စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်း တိုက်ခိုက်မှုများ အပြင် အင်အားရာနှင့်ချီ ဝင်ရောက်လာသော စစ်ကောင်စီ စစ်ကြောင်းကြောင့် ကျိုက်ထိုမြို့နယ် ကျေးရာအုပ်စု (၅)အုပ်စုအတွင်း ‌ကျေးရွာ (၃၆) ရွာမှ သောင်းနှင့်ချီသော စစ်ရှောင်ဒေသခံများအနေဖြင့် ယနေ့အချိန်ထိ နေရပ်မပြန်နိုင် သေးဘဲ ထွက်ပြေးတိမ်းရှောင်နေရဆဲ ဖြစ်သည်။

“စားနပ်ရိက္ခာ နဲ့ နေရာထိုင်ခင်းအတွက် အများကြီး လိုအပ်ချက် ရှိသေးတယ်။ အိမ်ကို စွန့်ပြီး ဘာမှမပါဘဲ ထွက်ပြေးလာရတဲ့သူတွေများတော့ ဆန်၊ ဆီ၊ ဆား ၊ ကြက်သွန်၊ ငရုပ်သီး တစ်ကိုယ်ရည်အတွက် အခြေခံ လူသုံးကုန်ကအစ အကုန်လုံး လိုအပ်တယ်” ဟု ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်-KPSN ၏ ပြောရေးဆိုခွင့်ရှိသူ နော်ချယ်ရီက ကေအိုင်စီသို့ ပြောသည်။

စစ်ရှောင်များအနေဖြင့် စစ်ကောင်စီ၏လေကြောင်းရန်ကြောင့် တစ်နေရာမှတစ်နေရာ ရွှေ့ပြောင်းစစ်ရှောင် နေထိုင်ကြရသည်။ နီးစပ်ရာနေရာများနှင့် တောတောင်များထဲသို့ တိမ်းရှောင်နေရသည့်အတွက် စားနပ် ရိက္ခာအပြင် နေရာထိုင်ခင်းနှင့် ကျန်းမာ‌ရေး စောင့်ရှောက်မှုများကဲ့သို့ အရေးပေါ် ကူညီထောက်ပံ့မှုများ လိုအပ်နေကြောင်း နော်ချယ်ရီက ဆက်ပြောသည်။

Photo: CJ

“‌အခု မိုးတွင်းလည်း ရောက်တော့မယ်ဆိုတော့ တုပ်ကွေး၊ ဝမ်းပျက်ဝမ်းလျှောတွေလည်း ဖြစ်လာနိုင်တယ်။ အဲ့လို မဖြစ်အောင် ဆေးဝါးတွေ လိုအပ်သလို စောင်၊ ခြင်ထောင်၊ ဖျာတွေလည်း လိုအပ်သေးတယ်။ ‌ပြီးတော့ သောက်သုံးရေ လုံလောက်မှုမရှိတဲ့အပေါ်မှာ ရောဂါဆိုးတွေ ဖြစ်လာနိုင်တယ်လေ။ ဆေးဝါးကု သမှုအပိုင်းတွေလည်း အများကြီးလိုအပ်ချက်ရှိနေသေးတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါ စစ်ရှောင်များအနေဖြင့် မိုးရာသီ အချိန်အတွင်းဆက်ပြီး စစ်ဘေးရှောင်နေရမည်ဆိုပါက ကျန်းမာရေး၊ စားသောက်စရာ နှင့် နေရာထိုင်ခင်း အတွက် ခက်ခဲလာနိုင်သည့်အပေါ် မြေပြင်တွင် ရှိနေသည့် အဖွဲ့အစည်းများ၊ ကရင်အရပ်ဖက်အဖွဲ့များနှင့်အတူ စစ်ဘေးရှောင် အကူအညီ ပေးနိုင်ရေးကို စီစဉ်နေသည်ဟုလည်း ကွန်ရက်၏ ပြောရေးဆိုခွင့်ရှိသူက ဖြည့်စွက်ပြောသည်။

လက်ရှိတွင် ကျိုက်ထိုမြို့နယ်အတွင်း စစ်ဘေးရှောင်ဦးရေ ၁၇၆၀၂ ဦးရှိသည်ဟု KNU ဒူးသထူခရိုင်၏ ထုတ်ပြန်ချက်အရ သိရသည်။ ကရင်ပြည်တွင်း ဌာနေစွန့်ခွာရသူများဆိုင်ရာကော်မတီ-CIDKP ၏ စာရင်းအရ စစ်အာဏာသိမ်းမှုဖြစ်ပွားပြီး ၂၀၂၅ ခုနှစ် မတ်လကုန်အထိ သထုံခရိုင်တွင် စစ်ဘေးရှောင်(IDP) ဦးရေ ၁ သိန်း ၄ သောင်းကျော်ရှိသည်။