Home သတင်း ကော့ကရိတ်တွင် တိုက်ပွဲများ တကျော့ပြန် ပိုမိုပြင်းထန်နေ

ကော့ကရိတ်တွင် တိုက်ပွဲများ တကျော့ပြန် ပိုမိုပြင်းထန်နေ

688
စစ်ကောင်စီတပ် မီးရှို့ထားသော နေအိမ်တစ်လုံး

မတ်လ ၂ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ယခုရက်ပိုင်းအတွင်း ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်(KNLA)ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်အကြား တကျော့ပြန် တိုက်ပွဲများ ပိုမိုပြင်းထန်လာနေကြောင်း ဒေသခံများက ပြောသည်။

အလားတူ ကော့ကရိတ်မြို့တွင် အင်အားဖြည့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ကော့ကရိတ်မြို့ထိန်းချုပ်နိုင်ရေးအတွက် တပ်ချထားသည့် တော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲများ နေ့စဥ်ပြင်းထန်နေကြောင်း ကော့ကရိတ်မြို့ဒေသခံ အမျိုးသမီးတစ်ဦးက ယခုလို ပြောသည်။

၎င်းက ” စစ်တပ်က အင်အားဖြည့်စစ်ကြောင်း ထိုးလာတယ်။ ဒီဘက်(တော်လှန်ရေးတပ်ဖွဲ့)ကလည်း အများကြီးဆင်းလာတယ်။ ဒီရက်ပိုင်းတော့ ကော့ကရိတ်မြို့အစွန် နှင့် အာရှလမ်းတလျှောက်မှာ တိုက်ပွဲတွေနေ့တိုင်း ပြင်းထန်နေတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် တိုက်ပွဲများပြင်းထန်လာသည့် တချိန်တည်းတွင် စစ်ကောင်စီတပ်မှ ကော့ကရိတ်မြို့အနီးရှိ ကျေးရွာအတွင်းသို့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သားပြည်သူများ စိုးရိမ်ထိတ်လန့်နေကြရကြောင်း ဒေသခံရွာသားများက ပြောသည်။

“တိုက်ပွဲမဖြစ်ရင် မြို့နဲ့နီးတဲ့ကျေးရွာမှာပဲ လက်နက်ကြီးတွေ ကျတာများတယ်။ အခု တိုက်ပွဲတွေ ပြင်းထန်လာတော့ မြို့အနီးကျေးရွာတွေ မကဘူး၊ အဝေးကြီးကို ပစ်ထုတ်တယ်။ ဒီလိုဆိုတော့ ရွာသားတွေလည်း စိုးရိမ် ကြောက်လန့်ကြတယ်”ဟု သာယာကုန်းရွာသားတစ်ဦးက ပြောသည်။

ယခု ကော့ကရိတ်တိုက်ပွဲအတွင်း နှစ်ဘက်ထိခိုက်ကျဆုံးမှုရှိနေသလို စစ်ကောင်စီတပ်ဘက်က ကော့ ကရိတ်မြို့အနီး ကော့နွဲကျေးရွာနှင့် ရွာသစ်ကုန်းကျေးရွာရှိ အရပ်သားပြည်သူများ၏ နေအိမ်များကို ထပ်မံမီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်နေကြောင်း ဒေသခံရွာသားများက ပြောသည်။