Home သတင်း လက်နက်ကြီးရန်ကြောင့် ဖားအံနှင့် ကမမောင်း အစပ်ကြားရှိ ဒေသခံများ ‌ကျောက်ဂူထဲ ပြောင်းရွှေ့နေထိုင်ရ

လက်နက်ကြီးရန်ကြောင့် ဖားအံနှင့် ကမမောင်း အစပ်ကြားရှိ ဒေသခံများ ‌ကျောက်ဂူထဲ ပြောင်းရွှေ့နေထိုင်ရ

692
Photo: CJ

ဖေဖော်ဝါရီ ၁၉ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ ဖားအံခရိုင်နှင့် သထုံခရိုင်အကြားရှိ ကျုံမသွယ်ကျေးရွာအုပ်စု၊ ဘန့်ဘွေးကုန်းရွာ အပါအဝင် အနီးအနားဝန်းကျင် ကျေးရွာများထဲသို့ ဖေဖော်ဝါရီလ ၁၄ ရက်မှစပြီး စစ်ကောင်စီတပ်မှ အမြောက်လက်နက်များဖြင့် ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်သည့်အတွက် ဒေသခံရွာသားများ နီးစပ်ရာ ကျောက်ဂူထဲသို့ ပြောင်းရွှေ့နေထိုင်ခဲ့ရသည်ဟု သိရသည်။

ဖားအံမြို့အခြေစိုက် စစ်ကောင်စီ၏ အမြောက်တပ်ရင်းမှ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၄ ရက် ညအချိန် တွင် ပစ်ခတ်လိုက်သော အမြောက်လက်နက်ကြီးများကြောင့် ဖားအံမြို့ သံလွင်မြစ် တစ်ဖက်ကမ်းမှ တပ်မဟာ (၁) နယ်မြေရှိ ဘန့်ဘွေကုန်း၊ တောသလေးခို၊ ရွှေလူး၊ သစ်ဝါး၊ ဝါးပိုးနှင့် ကရေ့ကျဲ စသည့် ဒေသခံရွာသားအများစုက ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဘန့်ဘွေးကုန်းရွာနေ ဒေသခံအမျိုးသမီးတစ်ဦးက “အဲ့ညတုန်းက ပစ်လိုက်တဲ့ လက်နက်ကြီးတွေက အဲဒီဘက် ရွာကို ဦးတည်တဲ့အခါကျတော့ ရွာသားတွေက ရှောင်ပြီး ရွာနဲ့နီးတဲ့ဂူတွေထဲမှာ သွား နေကြတယ်။ လေယာဥ်ပါ ထပ်လာရင် ကျမတို့လည်း အဲ့မှာပဲ သွားနေဖို့ ရှိတယ်။ လောဆယ် ဂူထဲမှာ ရွာသုံးရွာက လူတွေနဲ့တောင် ပြည့်နေပြီး။” ဟု ကေအိုင်စီသို့ ပြောသည်။

လက်နက်ကြီးရန်ကြောင့် ထွက်ပြေးတိမ်းရှောင်ကြရသည့် ဒေသခံများအနေဖြင့် အခြေအနေ တည်ငြိမ်သည့် ယခုရက်ပိုင်းတွင် နေ့ဘက်မှာ လယ်ယာအလုပ် ပြန်လည်လုပ်ကိုင်ကြပြီး ညဘက်တွင် ခိုလှုံရာဂူနေရာသို့ ပြန်လည်နေထိုင်နေကြရကြောင်း အဆိုပါ ဒေသခံအမျိုးသမီးက ဖြည့်စွက်ပြောသည်။

ထို့အတူ စစ်ကောင်စီသည် ထိုဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင်ပင် ကမမောင်းမြို့ပေါ်ရှိ ၎င်းတို့၏ ဗျူဟာစခန်းကို တော်လှန်ရေးတပ်ဖွဲ့ဝင်များ ဝင်ရောက်တိုက်ခိုက်မည့် သတင်းထွက်ပေါ်မှုကြောင့် ကမမောင်းမြို့အနီးရှိ ဖားဘောင်ရွာနှင့် မိဇိုင်းတောင်ခြေ တဝိုက်ကို လက်နက်ကြီးအပြင် လေယာဉ်ဖြင့် လာရောက်ဗုံးကြဲ တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း မြို့ခံများက ဆိုသည်။

Photo: CJ

စစ်ကောင်စီတပ်၏ လက်နက်ကြီးနှင့် လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ကမမောင်းမြို့နှင့် နီးစပ်သည့် ဖားဘောင်၊ ကပ်ကျော် စသည့် ကျေးရွာမှ လူနေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့ပြီး ဒေသခံ ရွာသူရွာသားတွေလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု မြို့ခံများက ပြောသည်။

“ လောလောဆယ် ကမမောင်းဘက်မှာလည်း ပြောင်းတဲ့လူက ပြောင်းနေကြပြီး။ ပစ္စည်းတွေကို ကားနဲ့သယ်နေကြတာ ဒီနေ့နဲ့ဆို ၂ ရက်ရှိပြီ။ အိမ်ပြောင်းရတော့ တော်ရုံသယ်လို့လည်း မကုန်ဘူးလေ” ဟု မြို့ပေါ်နေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

ထိုအတွက်ကြောင့် မြို့ပေါ်နှင့် ကျေးရွာများမှ ဒေသခံများသည် သံလွင်မြစ် တစ်ဖက်ကမ်းရှိ လှိုင်း ဘွဲမြို့နယ် မြိုင်ကြီးငူအထူးဒေသဆီသို့ သွားရောက်တိမ်းရှောင်သူတချို့ရှိသလို ဖားအံမြို့အတွင်းသို့ တိမ်းရှောင်လာကြသူများလည်း ရှိကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များအရ သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၅) ရက်နေ့တွင်လည်း KNU ထိန်းချုပ်ရာ နယ်မြေ ဒူးသထူ(သထုံ) ခရိုင်/တပ်မဟာ (၁)၊ ဘီးလင်းမြို့နယ်ရှိ ကော်ဟဲကျေးရွာသို့ စစ်ကောင်စီ၏ အလားတူ လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၅ ဦး ဒဏ်ရာရပြီး နေအိမ် ၉ လုံး ထိခိုက်ပျက်စီးခဲ့သည်ဟု ကေအဲန်ယူ ဗဟိုက သတင်းထုတ်ပြန်ထားသည်။

Photo: CJ