Home သတင်း လောင်းလုံး ကျေးရွာများသို့ စစ်ကောင်စီလက်နက်ကြီးဖြင့်ပစ်ခတ် ရွာသားတချို့ တိမ်းရှောင်

လောင်းလုံး ကျေးရွာများသို့ စစ်ကောင်စီလက်နက်ကြီးဖြင့်ပစ်ခတ် ရွာသားတချို့ တိမ်းရှောင်

634
Photo-CJ

ဖေဖော်ဝါရီ ၁၉ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာများသို့ စစ်ကောင်စီက ဖေဖော်ဝါရီ ၁၇ ရက်နေ့မှ စ၍ ညအချိန်ပိုင်းတွင် လက်နက်ကြီး ပစ်ခတ်မှုများ ပြုလုပ်နေသည့်အတွက် ကျေးရွာသားတချို့ တိမ်းရှောင်နေရသည် ဟု ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများက ပြောသည်။

ထားဝယ်မြို့ပေါ်ကြက်စားပြင်ရပ်ကွက်တွင် တပ်စွဲထားသည့် စစ်ကောင်စီ တပ်က လောင်းလုံးမြို့ နယ်ကျေးရွာ များအတွင်းသို့ လက်နက်ကြီးဖြင့်လှမ်းပစ်နေခြင်း ဖြစ်သည်ဟု ဒေသခံတစ်ဦးက ယခုလို ပြောသည်။

“ညဘက်တွေမှာ ပစ်တာဆိုတော့ ဘယ်ကိုပြေးရမလည်းမသိဘူး။ တချို့တွေကျတော့လည်း ရွာထဲမှာပဲနေကြ တော့တယ်။ လက်နက်ကြီးထက် လေယာဉ်နဲ့လာကြဲမှာကို ပိုကြောက်တယ်။ တချို့ကျတော့ တခြားရွာတွေကို ရှောင်ကြတာတွေရှိတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ယခုလို စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုများကြောင့် လောင်းလုံးမြို့နယ်အတွင်းရှိ မင်းရပ်ရွာအတွင်းရှိ မွေးမြူရေးခြံထဲသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်အဆောက်အအုံ ထိခိုက်ပျက်စီးမှုများရှိခဲ့သည်ဟု လောင်းလုံးမြို့နေ ဒေသခံနောက်တစ်ဦးက ပြောသည်။

“လက်နက်ကြီးတွေကို ညဘက်ခြမ်းတွေမှာဘဲပစ်တယ်။ ကြက်စားပြင်ရပ်ကွက်မှာရှိတဲ့ (နတလ)ဦးစီးဌာနရုံးမှာ တပ်စွဲထားတဲ့ စစ်တပ်ကနေပြီးတော့ တော်လှန်ရေးတပ်ဖွဲ့တွေရှိမယ်ထင်တဲ့ နေရာတွေကိုရမ်းပြီးပစ်တာ။ ရွာတွေ ထဲကိုကျတယ်လို့တော့သတင်းကြားတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးဦးစီးဌာန(နတလ)ရုံး၌ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၅၀ ခန့်ရှိပြီး ဘန်ကာများတည်ဆောက်ကာ အခိုင်အမာတပ်စွဲထားသည်။ ဒေသတော်လှန်ရေးတပ်ဖွဲ့ဝင် များဘက် မှလည်း ဒရုန်းဖြင့်ဗုံးကြဲ တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သော်လည်း ထိခိုက်မှုအခြေအနေကိုမသိရဟု တော်လှန်ရေး တပ်ဖွဲ့ဝင်များက ပြောဆိုသည်။

ထို့အပြင် ထားဝယ်ခရိုင်အတွင်းတွင် ဖေဖော်ဝါရီ ပထမပတ်နှင့် ဒုတိယပတ်များတွင်လည်း သရက်ချောင်း မြို့နယ် နှင့် ထားဝယ်အစပ်ရှိ ကျေးရွာများကိုစစ်ကောင်စီတပ်မှစစ်ကြောင်းထိုးပြီး နေအိမ်တချို့ကိုမီးရှို့နေသောကြောင့် ကျေးရွာများမှဒေသခံများအနေဖြင့် ယနေ့အချိန်ထိ စစ်ဘေးတိမ်းရှောင်နေရသည်ဟု သိရသည်။