Home သတင်း မြဝတီမြို့ မီးပြန်လည်ရရှိရေး BGF ကြိုးပမ်းနေသော်လည်း စစ်ကောင်စီထံမှ အကြောင်းပြန်စာမရ

မြဝတီမြို့ မီးပြန်လည်ရရှိရေး BGF ကြိုးပမ်းနေသော်လည်း စစ်ကောင်စီထံမှ အကြောင်းပြန်စာမရ

1054
Photo: CJ

ဖေဖော်ဝါရီ ၂၇ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကျားဖြန့်(ငွေကြေးလိမ်လည်မှုလုပ်ငန်း)ကိစ္စနှင့်ပတ်သက်ပြီး ထိုင်းနိုင်ငံဘက်က မြဝတီမြို့တွင်းသို့ ပေးထားသည့် လျှပ်စစ်မီးအား ဖေဖော်ဝါရီလ ဒုတိယအပတ်မှစ၍ ဖြတ်တောက်လိုက်သောကြောင့် မီးပြန်ရရှိရေး စစ်ကောင်စီထံမှတဆင့် ကြိုးပမ်းနေ သော်လည်း အကြောင်းပြန်စာမရသေးကြောင်း နယ်ခြားစောင့်တပ်-BGF ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဗိုလ်မှူးချုပ် စောတင်ဝင်းက ပြောသည်။

BGF ထိန်းချုပ်နယ်မြေ မြဝတီမြို့အပါအဝင် မြန်မာဘက်မှ(၅)နေရာအား ထိုင်းဘက်က လျှပ်စစ်၊ အင်တာနက်နှင့်လောင်စာ ဖြတ်တောက်ပစ်လိုက်ခြင်းကြောင့် မြဝတီမြို့ရှိ ဆေးရုံနှင့်ဌာနဆိုင်ရာများ၊ လုပ်ငန်းခွင်များ အခက်ကြုံနေရသည်။

ထို့ကြောင့် ခရိုင်မှပြည်နယ်စစ်ကောင်စီသို့ တင်ပြ၍ ရလာသောခွင့်ပြုချက်ဖြင့် ထိုင်းနိုင်ငံ၊ လျှပ်စစ်ရေး ရာဝန်ကြီးဌာနဘက်သို့ မီးပြန်လည်တောင်းခံရမည်ဖြစ်သော်လည်း စစ်ကောင်စီဘက်က ယနေ့အထိ အကြောင်းမပြန်သေးကြောင်း ဗိုလ်မှူးချုပ် စောတင်ဝင်းက ပြောသည်။

၎င်းက “မီးကိစ္စနဲ့ ပတ်သက်ပြီး ဒီမြို့ကလူတွေပဲ အခက်အခဲကြုံရတယ်။ ‌ဆေးရုံမှာဆိုရင်လည်း မီးမရှိရင် အဆင်မပြေဘူး။ အောက်ဆီဂျင်တွေဘာတွေ လိုတယ်။ လူထုသုံးဖို့ မကပဲ လုပ်ငန်းခွင်တွေမှာ သုံးနိုင်အောင် ထိုင်းအာဏာပိုင်တွေနဲ့ တိုင်ပင်နေတာ။ ဒါကို ခွင့်ပြုဖို့ မြန်မာအစိုးရဆီ တင်ပြီး ခွင့်ပြုချက်ကျမှ နိုတြီစာ ပြန်လုပ်ပြီး ထိုင်းလျှပ်စစ်အစိုးရကို ပြန်တင်ပြရမှာ။ အခု မြန်မာအစိုးရဆီ တင်ပြထားပေမယ့် မရသေးဘူး။” ဟု ကေအိုင်စီသို့ ပြောသည်။

BGF ပိုင် ရွှေမြစ်သောင်ရင်းကုမ္ပဏီမှာ ၂၀၁၇ ခုနှစ်ကတည်းက ထိုင်းနိုင်ငံဘက်မှ လျှပ်စစ်မီးဝယ်ယူကာ မီးဖြန့်ဖြူးရေးလုပ်ငန်းလုပ်ကိုင်ခွင့်ရရှိထားခြင်းဖြစ်ပြီး တစ်နှစ်တစ်ခါ သက်တမ်းတိုးစာချုပ်ဖြင့် မြဝတီမြို့နေရာအများစုကို လျှပ်စစ်မီးပေးထားသည်။

ကျားဖြန့်ကိစ္စများကြောင့် ဖြတ်တောက်ခံလိုက်ရသည့် လျှပ်စစ်မီးပြန်ရရှိရေး ပြည်နယ်စစ် ကောင်စီထံ တင်ပြရာတွင် ရွှေမြစ်သောင်ရင်းကုမ္ပဏီအပါအဝင် ညီနောင်ဦးကုမ္ပဏီနှင့် အန်နိုဗာကုမ္ပဏီတို့လည်း ပါဝင်ခဲ့သည်။ သို့သော် ပြည်နယ် စစ်ကောင်စီမှနေပြည်တော်သို့ တဆင့်တင်ရာ၌ ရွှေမြစ်သောင်ရင်းကုမ္ပဏီကို ချန်လှပ်ထား သည်နှင့်ပတ်သက်၍ ကျေနပ်မှုမရှိကြောင်းကိုလည်း ဗိုလ်မှူးချုပ် စောတင်ဝင်းက မီဒီယာမှတဆင့် ဝေဖန်ထားသည်။

ထို့အပြင် မီးဖြတ်ခံရသည့်ဖြစ်စဥ်မှာ ညီနောင်ဦးကုမ္ပဏီက စက်မှုဇုန်အတွက် ဖြန့်ဖြူးရေးရရှိထားသည့် ၆ မီကာဝပ်အား ကျားဖြန့်လုပ်ကိုင်နေသည့် ဝမ်းခါသို့ ပေးထားခြင်းကို ထိုင်းဘက်ကသိရှိဖြတ်တောက်လိုက်ရာမှ ရွှေမြစ်သောင်ရင်းပါ ပါဝင်သွားခြင်းဖြစ်သည်ဟု ဆိုသည်။

ဗိုလ်မှူးချုပ်စောတင်ဝင်းက “ညီနောင်ဦး ကုမ္ပဏီတစ်ခုက သူရတဲ့ ၆ မီကာဝပ်ကို စက်မှုဇုန်အတွက် သုံးရမှာ။ အဲဒါ မလုပ်ဖြစ်တော့ ဝမ်းခါကိုပေးလိုက်တယ်။ အဲလို ပေးတာ ထိုင်းဘက်သတင်းသိထားတော့ သူများဖြတ်တာ ငါတို့လည်း မီးဖြတ်ခံလိုက်ရတာ” ဟု ပြောသည်။

လျှပ်စစ်မီးဖြတ်တောက်ခံရမှုကြောင့် မြဝတီမြို့ဆေးရုံကြီးရှိ ဆေးရုံလည်ပတ်မှုများ ရပ်ဆိုင်းခဲ့ရသလို ဘဏ်လုပ်ငန်းများနှင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများလည်း မီးရေးအခက်ကြုံသဖြင့် မီးစက်နှင့် ဆိုလာမီးများကိုသာ အားထားလည်ပတ်နေရကြောင်း မြို့ခံတို့ထံမှ သိရသည်။