Home သတင်း ပိုင်ကျုံမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံများ ရှောင်တိမ်းနေရ

ပိုင်ကျုံမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံများ ရှောင်တိမ်းနေရ

703
Photo: CJ

ဖေဖော်ဝါရီ ၂၇ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်ရှိ ကလေးဖိုးကလိုးကျေးရွာနှင့်အနီးတဝိုက်တွင် ယခုရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီက လေကြောင်း​ဖြင့် ပြန်လည်တိုက်ခိုက်မှုကြောင့် လက်ရှိအချိန်တွင် ဒေသခံရွာသူရွာသားများမှာ ထိုင်းနယ်စပ်နှင့် အခြားဘေးလွတ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။

ဖေဖော်ဝါရီလ နောက်ဆုံးအပတ်အတွင်း ကလေးဖိုးကလိုးကျေးရွာအနီးရှိ စစ်ကောင်စီတပ် စခန်းမှ တပ်ဖွဲ့ဝင်များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များ ထိတွေ့မှုဖြစ်ပွားနေခြင်းဖြစ်ပြီး စစ်ကောင်စီဘက်က ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၅ ရက်နေ့က လေကြောင်းဖြင့် နှစ်ကြိမ်၊ ယနေ့တွင် ထပ်မံ၍တစ်ကြိမ် ဒေသခံများနေထိုင်ရာ ကျေးရွာများသို့ ပစ်ချတိုက်ခိုက်နေခြင်းဖြစ်သည်။

“ကလေးဖိုးကလိုးက တိုက်ပွဲသံကြားကတည်းက အရင်ရှောင်ကြတာ။ သူ့နားကတချို့ရွာတွေကတော့ သူများလာပစ်ပြီးမှ ရှောင်ကြတယ်။ ဒီမနက်လည်း ၈ နာရီလောက်ဖြစ်မယ် အဲဒီစခန်းနား ပတ်ဝန်းကျင် ကရွာတွေကိုပဲ လေယာဥ်နှစ်စီးနဲ့လာပစ်ချတယ်။ လက်ရှိရွာတွေမှာတော့ ဘယ်သူမှမရှိတော့ဘူး” ဟု ကလေးဖိုးကလိုးရွာနေ အမျိုးသမီးတစ်ဦးက ပြောသည်။

ကလေးဖိုးကလိုးအပါအဝင် ကလေးမိုခီး၊ မယ်ကဲ့ အစရှိသည့်ကျေးရွာနေဒေသခံအချို့မှာ ထိုင်းနိုင်ငံဘက်ခြမ်းရှိ နိုဘိုးကျေးရွာသို့ ရောက်ရှိနေထိုင်ကြပြီး ထိုင်းအာဏာပိုင်များဘက်က စစ်ရှောင်ဝင်ရောက်နေသည့် နေအိမ်များကို လှည့်လည်ကြည့်ရှုစစ်ဆေးမှုများ ပြုလုပ်ကြောင်းလည်း သိရသည်။

စစ်ဘေးရှောင်များ လတ်တလောစားသောက်နေထိုင်ရေးအတွက်ကိုမူ ခရစ်ယာန်သာသနာနယ် အသင်းအဖွဲ့အချို့မှ ထောက်ပံ့မှုပေးထားခြင်းဖြစ်သည်ဟု ကလေးဖိုးကလိုးရွာမှ စစ်ရှောင်လာသူတို့က ဆိုသည်။

ထိုင်းနယ်နိမိတ်နှင့်နီးကပ်သည့် တပ်မဟာ(၇)နယ်မြေအတွင်း လေကြောင်းတိုက်ခိုက်သံများကြောင့် ၎င်းစစ် ကောင်စီတပ်စခန်းအနီးရှိ ကျေးရွာများနေရပ်ရွှေ့ပြောင်းနေထိုင်ရရုံသာမက နယ်မြေနီးစပ်ရာမှ ကော်သူးလေ စာသင်ကျောင်းအချို့ ပိတ်လိုက်ရပြီး နယ်ခံများလည်း လုံခြုံရေးသတိဖြင့် နေထိုင်ရကြောင်း သိရသည်။

ဖားအံခရိုင် မော်ပယ်ခိုရွာနေ ဒေသခံတစ်ဦးက “ဒီရက်ပိုင်း လေယာဥ်ဝဲသံတွေ ခဏခဏကြားရတယ်။ မနက်ကလည်း အကျယ်ကြီး လေယာဥ်သံကြားပြီး တစ်လုံးကြဲချသွားတယ်။ ကြားတာနဲ့ ကျောင်းလည်းပိတ် ကလေးတွေလည်းအကုန်ပြန်လွှတ်ပေါ့။ ကိုယ့်နားမှာဖြစ်နေတာဆိုတော့ အသံနည်းနည်းကြားတာနဲ့ လန့်နေပြီ။” ဟု ကေအိုင်စီကို ပြောသည်။

တပ်မဟာ(၇)နယ်မြေအတွင်း နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာ ကေအဲန်ယူတာဝန်ရှိသူများထံ ကေအိုင်စီအနေဖြင့် ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် မတ်လပိုင်းကလည်း ကေအဲန်ယူ ဖားအံခရိုင်အတွင်းရှိ နဘူးမြို့နယ်မှ စစ်ကောင်စီ၏ ရင်ကွဲတောင်တပ်စခန်းကို KNLA ပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်သိမ်းယူမှု တိုက်ပွဲဖြစ်ပွားအပြီး တပ်မဟာ(၇)တွင် စစ်မျက်နှာဖွင့်တိုက်ပွဲများဖြစ်လာနိုင်ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်ခဲ့ရသေးသည်။