Home သတင်း မြဝတီတွင် စက်သုံးဆီဝယ်ယူစုဆောင်းအမြတ်တင်ရောင်းချမှုကြောင့် စျေးအဆမတန်မြင့်တက်နေ

မြဝတီတွင် စက်သုံးဆီဝယ်ယူစုဆောင်းအမြတ်တင်ရောင်းချမှုကြောင့် စျေးအဆမတန်မြင့်တက်နေ

933
Photo: CJ

ဖေဖော်ဝါရီ ၁၂ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံဘက်က လောင်စာဆီ တင်သွင်းမှုများ ရပ်ဆိုင်းထား၍ မြဝတီမြို့ရှိ ဒေသခံ စီးပွားရေးသမားများနှင့် တစ်ပိုင်တစ်နိုင် လောင်စာဆီ ရောင်းချသူများက စက်သုံးဆီဝယ်ယူစုဆောင်းပြီး တဆင့်ပြန်လည် သိုလှောင် ရောင်းချမှုများကြောင့် စျေးအဆမတန်မြင့်တက်လျက်ရှိသည်ဟု မြို့ခံများက ပြောသည်။

လက်ရှိ မြဝတီလောင်စာဆီနှုန်းမှာ ယနေ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ဆိုင်ရောင်းဈေးအဖြစ် တစ်လီတာလျှင် ကျပ် ၃,၉၆၀ ဖြစ်ပြီး ပြင်ပတွင် တစ်လီတာ ကျပ် ၄၅၀၀ အထိ ဈေးပေးဝယ်ယူနေရကြောင်း မြို့ခံများက ပြောသည်။

မြဝတီမြို့ခံတစ်ဦးက “ဆိုင်ရောင်းဈးက ၃၉၆၀ ပေါ့။ အပြင်ရပ်ကွက်ထဲက မှောင်ခိုဆီက ၄၅၀၀ ၊ ၅၀၀၀ ထောင် အထိ ရောင်းတယ်။ ပေပါနဲ့ဆို ၃၉ သိန်း၊ ဂါလံ ၅၀ ပါတယ်ဟာပေါ့။ အခုက ဆီက တစ်လီတာကို ၂ ထောင်နီးပါး ဈေးတက်သွားတဲ့ သဘောပေါ့။ မဲဆောက်ဘက် ကားနဲ့ ဆီတိုင်ကီပြည့် ဆီဝယ်ပြီးရင်မြဝတီ ပြန်ဖောက်ချ ပြီးရောင်းတာပေါ့ “ဟု ပြောသည်။

Photo: CJ

လတ်တလော နေ့စဉ် မဲဆောက်မြို့ဘက်သို့ အိမ်စီးကားများဖြင့် ထိုင်းစက်သုံးဆီ ဆိုင်များတွင် ကားဆီတိုင်ကီ အပြည့်ဝယ်ယူပြီး မြဝတီမြို့ဘက်သို့ ပြန်လာကာ ကားဆီဖောက်ရောင်းချသည့် အလုပ်မှာ တွက်ခြေကိုက် စီးပွားရေးဖြစ်နေကြောင်း မြဝတီ မြို့ခံကားသမားတစ်ဦးက ပြောသည်။

၎င်းက “အခုက တံတားမှာ မနက် ၅ နာရီ တန်းစီတယ်။ မဲဆောက် PTT ဆီဆိုင်မှာ ဆီဝယ်တယ်။ မြဝတီ ပြန်ဝင် ပြီး ဖောက်ချပြီး ပြန်ရောင်းရင် တစ်ခေါက်ဘတ် ၅၀၀ မြတ်တယ်။ ၂ ခေါက် ၃ ခေါက်ဆို တစ်နေ့ဘတ် ၁၅၀၀ လောက်ရတယ်။ လူတင်သွားရင်လည်း ခရီးသည်ခထက်မြတ်တယ်ပေါ့။ အခုရက်တော့ အဲ့တာ လူတိုင်းနီးပါးလုပ် နေကြတယ်”ဟု ပြောသည်။

လက်ရှိ ထိုင်းနိုင်ငံဘက်က စက်သုံးဆီ ဖြတ်တောက် ရပ်ဆိုင်းထားမှု ၇ ရက်ရှိလာချိန်အထိ မြဝတီမြို့ စစ်ကောင်စီ အုပ်ချုပ်ရေးနှင့် နယ်ခြားစောင့်တပ်-BGF တပ်ဖွဲ့တို့ ပူးပေါင်းပြီး ဆိုင်လုပ်ငန်းရှင်များနှင့် ညှိနှိုင်းကာ ဆိုင်ကယ်နှင့် အိမ်စီးကားများအား ခွဲတမ်းစနစ်ဖြင့် ဈေးကွက်ထိန်းချုပ် ရောင်းချပေးလျက်ရှိသည်ဟု သိရသည်။