Home သတင်း မယ်လဒုက္ခသည်စခန်းတွင် မီးလောင်မှု ဖြစ်ပွား၍ နေအိမ် ၂ လုံး မီးလောင်ပျက်စီး

မယ်လဒုက္ခသည်စခန်းတွင် မီးလောင်မှု ဖြစ်ပွား၍ နေအိမ် ၂ လုံး မီးလောင်ပျက်စီး

395
Photo: Mae La Information Team

ဖေဖော်ဝါရီ ၁ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ ထာ့ဆောင်ယန်းမြို့နယ်ရှိ မယ်လဒုက္ခသည်စခန်းတွင် ယနေ့ညနေ ၃ နာရီကျော်အချိန်က မီးလောင်ကျွမ်းမှုတစ်ခုဖြစ်ပွားခဲ့ရာ လူနေ ၂ လုံး မီးလောင်ပျက်စီးသွားသည်ဟု သိရသည်။

ဇုံ C ၊ ရပ်ကွက် C1B တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခြင်းဖြစ်ပြီး အမှိုက်ပုံမီးစတင်လောင်ကျွမ်းရာမှတဆင့် နေအိမ်အမှတ် ၈၈၉ နှင့် ၁၉၀ တို့ အိမ် ၂ လုံး မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း စခန်း၏ အတွင်းရေးမှူး စောဆန်းဒေးက ကေအိုင်စီသို့ ပြောသည်။

၎င်းက “ သိရတာ မီးလောင်သွားတဲ့ ပထမအိမ်ရဲ့ ဘေးမှာ အမှိုက်ပုံရှိတယ်။ အမှိုက်က မီးလောင်တော့ အိမ်ပါ မီးလောင်သွားတယ်။ ညနေ ၃ နာရီ ၁၅ မိနစ်လောက်မှာ မီးစတင်လောင်တာဖြစ်တယ်။ အိမ်နံပါတ် ၈၈၉ အိမ်ထဲက ပစ္စည်းတို့၊ ဆန်တို့ အကုန်ပါသွားတယ်။ အိမ်နံပါတ် ၁၉၀ ကျတော့ အိမ်ရဲ့အနောက်ဘက် တခြမ်းလောင်သွားတယ်။ ”ဟု ပြောသည်။

Photo: Mae La Information Team

မီးလောင်မှု ဖြစ်ပွားရာတွင် အိမ်ရှင်ဖြစ်သူများ မရှိသည့်အတွက် ထိခိုက်ဒဏ်ရာရရှိသူ တစ်စုံတရာမရှိကြောင်းလည်း စခန်းအတွင်းရေးမှူး စောဆန်းဒေးက ဖြည့်စွက်ပြောသည်။

မီးလောင်ကျွမ်းမှု မကြာခဏ ဖြစ်ပွားလေ့ရှိသော မယ်လဒုက္ခသည်စခန်းတွင် မီးဘေး အန္တရာယ်နှင့်ပတ်သက်ပြီး အသိပညာပေးမှုများ လုပ်ဆောင်နေသလို နေအိမ်တိုင်း လိုက်နာကျင့်သုံးရမည့် စည်းမျဉ်းစည်းကမ်းများကိုလည်း ချမှတ်ထားရှိသည်ဟု စခန်းတာဝန်ရှိသူများက ပြောသည်။

ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ မဲဆောက်မြို့ မြောက်ဘက် ကီလိုမီတာ ၆၀ အကွာရှိ မယ်လဒုက္ခသည်စခန်းတွင် ဇုံ ၃ နှင့် ရပ်ကွက်ပေါင်း ၂၁ ခုရှိပြီး လက်ရှိတွင် လူဦးရေ ၃၀၀၀၀ ခန့် နေထိုင်လျက်ရှိသည်ဟု သိရသည်။