Home သတင်း ဘုရားသုံးဆူကို လျှပ်စစ်နှင့်လောင်စာဆီ ရောင်းချမှုရပ်ဆိုင်းခြင်းသည် နှစ်ဘက်ထိခိုက်ဟု DKBA ပြော

ဘုရားသုံးဆူကို လျှပ်စစ်နှင့်လောင်စာဆီ ရောင်းချမှုရပ်ဆိုင်းခြင်းသည် နှစ်ဘက်ထိခိုက်ဟု DKBA ပြော

853
Photo: CJ

ဖေဖော်ဝါရီ ၆၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ စီမံအုပ်ချုပ်နေသည့် ထိုင်း-မြန်မာ နယ်စပ် ဘုရားသုံးဆူမြို့ကို ထိုင်း ဘက်က လျှပ်စစ်ဓါတ်အားနှင့် လောင်စာဆီများ တင်ပို့ရောင်းချမှုကို ရပ်ဆိုင်းလိုက်ခြင်းသည် တရုတ်ရင်းနှီးမြှုပ်နှံ သူများထက် နှစ်ဘက်ပြည်သူများသာ ထိခိုက်သွားသည်ဟု DKBA၊ ဗိုလ်မှူးကြီးစောအေဝမ်းက ပြောသည်။

ထိုင်းအာဏာပိုင်များက နယ်စပ် အခြေပြု တရုတ်လူမျိုးများ၏ ရာဇဝတ်လုပ်ငန်းများကို နှိမ်နင်းရန် ဖေဖော်ဝါရီ ၅ ရက်နေ့ နံနက်ပိုင်းမှစ၍ ဘုရားသုံးဆူမြို့သို့ လျှပ်စစ်ဓါတ်အား ရောင်းချမှုကို ရပ်ဆိုင်း လိုက်ခြင်းဖြစ်သည်။

ယခုလို ရပ်ဆိုင်းလိုက်ခြင်းအပေါ် မြို့လုံခြုံရေး တာဝန်ယူထားသည့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်- DKBA၊ အမှတ်-၂ စစ်ကွပ်ကဲရေး၊ နည်းဗျူဟာမှူး ဗိုလ်မှူးကြီးစောအေဝမ်းက ယခုလို မှတ်ချက်ပြု ပြောသည်။

“မီးဖြတ်၊ လောင်စာဆီတင်သွင်းမှု ဖြတ်လုပ်တာက မီးမသုံးရဘူး အဲဒါဘဲ မြင်တာပေါ့။ တကယ်က လောင်စာဆီ ရောင်းတာကလဲ ထိုင်းဘဲ၊ လျှပ်စစ်ဓာတ် အားရောင်းတာလဲ ထိုင်းဘဲ။ နယ်စပ်ကုန်ပစ္စည်း တင်သွင်းမှုပိတ်ရင်လဲ သူတို့ဘဲ ပြန်ထိမှာ။ အမှန်ဆိုရင် ဒီလိုလုပ်တာ သူတို့ကြိုပြောထားဖို့ လိုတယ်။ တရုတ်တွေကို ထိခိုက်မှုမရှိဘူး။ လုပ်လို့မရရင် သူတို့ပြန်သွားမှာဘဲ။ အများစုက မြန်မာပြည်မှတ်ပုံတင်ကိုင်ထားတဲ့ကိုးကန့်တွေဘဲ အခုတောင်မှ ရှမ်းမြောက်မှာအခြေအနေကောင်းလို့ တော်တော်များများ ပြန်သွားနေပြီး” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ဘုရားသုံးဆူမြို့၌ စက်ရုံအလုပ်ရုံများ မရှိသလို လုပ်ငန်းကြီးကြီးမားမား ရင်းနှီးမြှုပ်နှံမှုများလည်း မရှိ၍ ထိခိုက်မှု မကြီးမားသော်လည်း တပိုင်တနိုင် အိမ်တွင်းမှုလုပ်ငန်းလုပ်ကိုင်သူများ ထိခိုက်မှုရှိသည်ဟု မြို့ခံများ ထံမှ သိရသည်။

ယခင် ထိုင်းဘက်က ဘုရားသုံးဆူမြို့သို့ လျှပ်စစ်ဓါတ်အား ရောင်းချမှုကို ဖြတ်တောက်ခြင်းမျိုးမ ရှိခဲ့ဘူးသလို ယခုလို ချက်ခြင်း ဖြတ်တောက်ခံရ၍ အခက်အခဲ များဖြစ်ပေါ်နေသည်ဟု မြို့ခံများက ပြောသည်။

“လောင်စာဆီက ကျနော်တို့ အရင်ကတည်းက ထိုင်းဆီ သိပ့်မသုံးဘူး။ ထိုင်းဘက်ဝင်တဲ့ဆီတွေက စျေးပိုကြီးလို့။ အခုလောလောဆယ်တော့ ပြည်သူတွေစိုးရိမ်ပြီး မီးစက်တွေ ဆီတွေလိုက်ဝယ်တော့ စျေးကပိုတက်သွား တယ်။ ကျနော်တို့ကတော့ ပြောတယ်။ အရမ်းကြီးမစိုးရိမ်နဲ့ ကျနော်တို့လည်း နည်းလမ်းတစ်မျိုးမျိုး ပြန်ရှာပေး သွားမယ်” ဟု ဗိုလ်မှူးကြီး အေဝမ်းက ကေအိုင်စီသို့ ပြောသည်။

ဘုရားသုံးဆူမြို့ခံများအနေဖြင့် တရုတ်တို့၏ လောင်းကစားနှင့် ငွေလိမ်လုပ်ငန်းများ ကြောင့် ယခုလို ထိုင်းက လျှပ်စစ်မီး မရောင်းချတော့သည့် အပေါ် ဝေဖန်မှုများ မြင့်တက်နေသည်ဟု မြို့ခံများထံမှ သိရသည်။