Home သတင်း ရာဇဝတ်မှုများကို နိုင်ငံတကာနှင့် ပူးပေါင်းတိုက်ဖျက်မည်ဟု BGF ပြောဆို

ရာဇဝတ်မှုများကို နိုင်ငံတကာနှင့် ပူးပေါင်းတိုက်ဖျက်မည်ဟု BGF ပြောဆို

532
Photo: Frontier

ဖေဖော်ဝါရီ ၆၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်ရှိ ကရင်နယ်ခြားစောင့်တပ်-BGF ထိန်းချုပ်နယ်မြေ၊ ရွှေကုက္ကိုလ်မြို့သစ်၌ ငှားရမ်းနေထိုင်သူများ ကျူးလွန်သည့် ရာဇဝတ်မှုများကို လက်မခံသလို အစိုးရ၊ နိုင်ငံတကာနှင့် ပူးပေါင်းတိုက် ဖျက်သွားမည်ဟု BGF က ယနေ့ရက်စွဲဖြင့် ထုတ်ပြန်ပြောသည်။

BGF ဗဟိုအကြံပေးနှင့်ကွပ်ကဲရေးအဖွဲ့၏ ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းနှင့်ပတ်သက်၍ အချက်(၅)ချက်ပါ ထုတ်ပြန်စာ၌ ရွှေကုက္ကိုလ်မြို့သစ်တွင် လူကုန်ကူးခြင်း၊ ကျားဖြန့်လုပ်ကိုင်ခြင်း၊ ကလေးလုပ်သားအသုံးပြုခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်းနှင့် မူယစ်ဆေးဝါးရောင်းဝယ်သုံးစွဲခြင်းတို့ကို လက်မခံဘဲ ဖော်ထုတ်ပိတ်သိမ်း လျက်ရှိသည် ဟု ပြောဆိုသည်။

ထို့အပြင် BGF အနေဖြင့်၂၀၂၃ ခုနှစ်မှစ၍ ရွှေကုက္ကိုလ်မြို့သစ်အတွင်း လူကုန်ကူးခံရသည့် လူပေါင်း ၂,၀၀၀ ကျော်ကို အစိုးရ၊ နိုင်ငံတကာအဖွဲ့များနှင့်ပူးပေါင်းကာ သက်ဆိုင်ရာနိုင်ငံအလိုက်ပြန်ပို့ရန် ကူညီဆောင်ရွက် ပေးပြီးဖြစ်သလို ရာဇဝတ်မှုတိုက်ဖျက်ရေးကို ဆက်ပူးပေါင်းလုပ်ဆောင်သွားမည်ဟု ၎င်းထုတ်ပြန်စာ၌ ဖော်ပြထားသည်။

“အခြားတိုင်းပြည်က သူတို့ သံရုံးကနေတဆင့် ဆက်သွယ်လာရင် ကျနော်တို့ ပြန်ပို့ ပေးတဲ့ သူတွေ အများကြီး ရှိပါ တယ်။ ဒါပေမဲ့ တရုတ်မင်းသားတုန်းကလိုတော့ နာမည်မထွက်ဘူးပေါ့။ ဥပမာ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် တို့ပေါ့။ ဒီအလုပ်တွေက တိုင်းပြည်ပေါင်းစုံက လာလုပ်ကြတာ။ သူတို့ နိုင်ငံက ပြန်ခေါ်ရင် ကျနော်တို့ လိုက်ရှာ ပေးပြီး ပြန်ပို့ပေးတာတွေအများကြီးရှိပါတယ်။” ဟု BGF မှ ဗိုလ်မှူးချုပ် စောမောင်ဝင်းက ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက ကေအိုင်စီနှင့် သီးသန့်အင်တာဗျူး၌ ပြောဆိုခဲ့သည်။

ယခု BGF ၏ ထုတ်ပြန်စာအပေါ် အရေးယူဆောင်ရွက်နေမှု အခြေအနေနှင့်ပတ်သက်၍ အဖွဲ့တာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ယနေ့မွန်းလွဲပိုင်းချိန်ထိ အဆက်အသွယ်မရ ဖြစ်နေသည်။

ထို့အပြင် ခရီးသွားလာမှုနှင့်အိမ်ယာစီမံကိန်းအဖြစ် သိထားသည့် အဆိုပါရွှေကုက္ကိုလ်စီမံကိန်းတွင် BGF အနေဖြင့် အကျိူးတူပါဝင်ပတ်သက်မှုမရှိဘဲ မြေငှားရမ်းပေးရုံသာဖြစ်၍ တရားမဝင်လုပ်ငန်းများကိုလည်း ရင်းနှီးမြုပ်နှံသူ များထံမှ ထပ်ဆင့်ငှားရမ်းထားသည့် လုပ်ငန်းရှင်အချို့က ဆောင်ရွက်နေကြခြင်းဖြစ်သည်ဟု BGF က ထုတ်ပြန်စာ၌ ရှင်းလင်းပြောဆိုထားသည်။

Photo: Frontier

လောင်းကစားမြို့တော်ဟုနာမည်ကြီးသည့် BGF နယ်မြေရှိ ရွှေကုက္ကိုလ်မြို့သစ်သည် နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော် ဂိတ်နှင့် ကီလိုမီတာ ၂၀ ခန့်သာကွာဝေးပြီး မြဝတီမြို့မြောက်ဘက် ၁၅ ကီလိုမီတာခန့် အကွာတွင်တည် ရှိသည်။

ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းကို ကမ္ဘောဒီးယားနှင့် မလေးရှားနိုင်ငံသားအဖြစ် ခံယူထားသည့် တရုတ်လူမျိုးများ ဦးဆောင်သော ထိုင်းနိုင်ငံ ဘန်ကောက်မြို့အခြေစိုက် ရထိုက် နိုင်ငံတကာဦးပိုင်လုပ်ငန်းစုမှ စီမံကိန်းစတင်ချိန် ၂၀၁၇ ခုနှစ်တွင် မြန်မာ-ရထိုက်နိုင်ငံတကာဦးပိုင်လုပ်ငန်းစု အဖြစ် မှတ်ပုံတင်ခဲ့ကြောင်း ISP-Myanmar က ပြုစုသည့် ရွှေကုက္ကိုလ်စီမံကိန်း အစီရင်ခံစာအရ သိရသည်။

ယင်းတွင် ကုမ္ပဏီရှယ်ယာ၏ ၂၀ ရာခိုင်နှုန်းအား BGF ကို ခံစားခွင့်ပြုရန် သဘောတူညီစာချုပ်ချုပ်ဆိုခဲ့သည့်အပြင် BGF ကိုဦးဆောင်နေသည့် ဗိုလ်ချစ်သူပိုင်ကုမ္ပဏီအချို့မှာလည်း စီမံကိန်းအကောင်အထည်ဖော်ရာတွင် ပါဝင်သည်ဟု ISP-Myanmar က ဆိုသည်။

ထို့အပြင် ပြီးခဲ့သည့် ဇန်နဝါရီလပိုင်းက ထိုင်း-မြန်မာနယ်စပ်တွင် တရုတ်ရုပ်ရှင် သရုပ်ဆောင် လူကုန်ကူးခံရပြီး နောက် အွန်လိုင်းလိမ်လည်ဂိုဏ်းများနှင့် လူကုန်ကူးမှုများ၊ အဓမ္မလုပ်အား စေခိုင်းမှုများနှင့်ပတ်သက်၍ နိုင်ငံတကာက သတိထားစောင့်ကြည့်မှုများ ဖြစ်ပေါ်ခဲ့သည်။

ထိုဂယက်ကြောင့် ထိုင်း-မြန်မာနယ်စပ်လမ်းတစ်ကြော ဖြတ်သန်းသွားလာမှုများအား ထိုင်းဘက်က တင်းကြပ် လိုက်ပြီး မြဝတီမြို့နေရာအချို့သို့ ရောင်းချပေးထားသည့် လျှပ်စစ်ဓါတ်အားကို ဖေဖော်ဝါရီ ၅ ရက်နေ့မှစ၍ ဖြတ်တောက်လိုက်သည်ဟု မြဝတီမြို့ခံများက ပြောဆိုသည်။