Home သတင်း ထိုင်းတာဝန်ရှိသူများနှင့် စစ်ကောင်စီအရာရှိများ နှစ်နိုင်ငံနယ်စပ်တွင် ကျားဖြန့်ကိစ္စ တွေ့ဆုံ ဆွေးနွေးမှုပြုလုပ်

ထိုင်းတာဝန်ရှိသူများနှင့် စစ်ကောင်စီအရာရှိများ နှစ်နိုင်ငံနယ်စပ်တွင် ကျားဖြန့်ကိစ္စ တွေ့ဆုံ ဆွေးနွေးမှုပြုလုပ်

566
Photo: AEC Thai

ဖေဖော်ဝါရီ ၁၅ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကျားဖြန့်/လူမှောင်ခိုကိစ္စနှင့်ပတ်သက်ပြီး ထိုင်းနိုင်ငံ၏ ရဲဘက်နှင့်စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများနှင့် စစ်ကောင်စီဘက်မှ အရာရှိများ ယနေ့ နံနက်ပိုင်းက ထိုင်း-မြန်မာနှစ်နိုင်ငံနယ်စပ် မဲဆောက်မြို့တွင် အစည်းအဝေးပြုလုပ်ခဲ့ကြကြောင်း ထိုင်းသတင်းဌာန အချို့ကဖော်ပြသည်။

လူကုန်ကူးမှုဆိုင်ရာလှည့်စားခံရသူများအား ကူညီရန် ထိုင်း-မြန်မာနိုင်ငံနှစ်နိုင်ငံ ပူးပေါင်းဆွေးနွေးရေး ဟု ခေါင်းစဥ်တပ်ထားသည့် အစည်းအဝေးတွင် ထိုင်းနိုင်ငံဘက်မှ နယ်ခြားစောင့်ရဲ တပ်ဖွဲ့တာဝန်ရှိ သူများ၊ ခရိုင်ရဲတပ်ဖွဲ့နှင့် စစ်ဘက်ဆိုင်ရာအရာရှိများ ပါဝင်ပြီး စစ်ကောင်စီဘက်မှ ရဲဌာနတာဝန်ရှိသူ အချို့နှင့် မြဝတီမြို့စောင့်တပ် ခြေလျင်တပ်ရင်း ခလရ-၂၇၅ မှ စစ်ကောင်စီအရာရှိများလည်း တက်ရောက်လာကြသည်။

အစည်းအဝေးတွင် ယေဘုယျအားဖြင့် ထိုင်း-မြန်မာနှစ်နိုင်ငံပူးပေါင်း၍ လူကုန်ကူးခံနေရသူများကို ကူညီရေးဖြစ်ကြောင်း သိရှိရသော်လည်း အစည်းအဝေးတွင်ဆွေးနွေးခဲ့သည့် အသေးစိတ် အချက်အလက်များကိုမူ ထိုင်းသတင်းဌာနများဘက်က ထုတ်ဖော်ပြောကြားထားခြင်းမရှိသေးပါ။

မြဝတီဒေသ ရွှေကုက္ကိုမြို့သစ်သည် နယ်ခြားစောင့်တပ်-BGF စိုးမိုးနယ်မြေဖြစ်သလို BGF ဘက်က ကျားဖြန့်ကိစ္စများနှင့်စပ်လျဥ်းပြီး စုံစမ်းဖော်ထုတ်ရန် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ကျားဖြန့်/လူမှောင်ခို အထူးနှိမ်နင်းရေးအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။

ထို့နောက် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူက ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးထံ လိပ်မူပေးပို့သည့်စာတွင် ကျားဖြန့်တိုက်ဖျက်ရေးနှင့် လူကုန်ကူးခံရသူများအား ထိုင်းနှင့်မြန်မာစစ်ကောင်စီတို့စစ်ဆေးဖော်ထုတ်မည်ဖြစ်၍ လုပ်ငန်းပို မိုမြန်ဆန်စေရန် ထိုင်းနိုင်ငံဘက်မှ လမ်းညွှန်မှုပြုပေးရေး တောင်းဆိုခဲ့သည်။

Photo: AEC Thai

ယင်းစာနှင့်ပတ်သက်၍ ဒုတိယဝန်ကြီးချုပ်က “BGF ဘက်က ရာဇဝတ်မှုနှိမ်နင်းရေးမှာ လက်တွဲပူးပေါင်း လိုတာ ကျေးဇူးတင်တယ်။ ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်မှာရှိတဲ့ ကျားဖြန့်လုပ်ငန်းတွေကို အမြစ် ပြတ်ချေမှုန်းပြီး ဒုက္ခရောက်တွေ နေရပ်ပြန်ပို့ဖိုက ကျနော်တို့အစိုးရရဲ့ နောက်ဆုံးပန်းတိုင်ဖြစ်ပါတယ်” ဟု ဘန်ကောက်ပို့စ်သတင်းဌာနသို့ ယမန်နေ့က ပြောသည်။

ထို့နောက် အသစ်ဖွဲ့ထားသည့် ကျားဖြန့်နှိမ်နင်းရေးအထူးအဖွဲ့မှ ဦးဆောင်ပြီး ရွှေကုက္ကိုရှိ စားသောက် ဆိုင်များ၊ KTV များ၊ ဆိုင်ခန်းများအား အစရှိသည်တို့အား ဝင်ရောက်ရှာဖွေဖမ်းဆီးရာ လူကုန်ကူးခံရသူ၊ ကျားဖြန့်လုပ်ကိုင်သူ အများအပြား ဖမ်းဆီးရမိခဲ့သည်ဟု BGF အပါအဝင် မြို့ခံသတင်းအရင်းအမြစ်တို့ထံမှ သိရသည်။

BGF ဘက်က ကျားဖြန့်လုပ်ငန်းတွင် စေခိုင်းခြင်းခံရသူ တရုတ်လူမျိုးအများစုပါဝင်သော လူပေါင်း ၈,၀၀၀ ကျော်အား နှစ်နိုင်ငံနယ်စပ်မှတဆင့် ပို့ဆောင်သွားမည်ဖြစ်သလို ထိုင်းနိုင်ငံဘက်ကလည်း တရုတ်ထံမှ ပေးပို့လာသည့် ကျားဖြန့်လုပ်ငန်းအတွင်းပါဝင်ပတ်သက်မှုဖြင့် သံသယဝင်ခံရသူ တရုတ်လူမျိုး ၃,၇၀၀ ကျော်၏စာရင်းအား လက်ခံရရှိပြီးဖြစ်ကြောင်း ဘန်ကောက်ပို့စ်က ဖော်ပြသည်။

စောချစ်သူဘက်က ပေးပို့ခဲ့သည့်စာအတွင်း ၎င်းတို့အနေဖြင့် ကျားဖြန့်နှိမ်နင်းရေးတွင် ထိုင်းနိုင်ငံဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မြန်မာစစ်ကောင်စီနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ဟု ပြောဆိုသည်။ သို့သော် ယနေ့ပြုလုပ်သည့် အစည်းအဝေး၌ BGF ဘက်က နှိမ်နင်းရေးအဓိကတာဝန်ရှိသူများ ပါဝင်လာမှု မတွေ့ရသလို အစည်းအဝေးနှင့်ပတ်သက်၍ ကေအိုင်စီ အနေဖြင့် ဖုန်းဆက်သွယ်ခဲ့သော်လည်း BGF ဘက်က လက်ခံဖြေကြားခြင်းမရှိသေးပေ။

Photo: AEC Thai