Home သတင်း ကျောက်ကြီးမြို့နယ်ရှိ စစ်ကောင်စီဂိတ်စခန်း ၃ ခုကို KNLA ပူးပေါင်းတပ်တိုက်ခိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံး

ကျောက်ကြီးမြို့နယ်ရှိ စစ်ကောင်စီဂိတ်စခန်း ၃ ခုကို KNLA ပူးပေါင်းတပ်တိုက်ခိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံး

551
Photo: KNU

ဖေဖော်ဝါရီ ၁၆ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၃)ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်ရှိ စစ်ကောင်စီ၏ခြေမြန်တပ်ရင်း ခမရ-၅၆၀ ဦးဆောင်သော တပ်ပေါင်းစုအခြေစိုက် ဂိတ်စခန်း(၃)လုံးအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်က ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်(၆)ဦး သေဆုံးသွားကြောင်း သိရသည်။

KNLA တပ်ရင်း(၉)ဦးဆောင်သော ပူးပေါင်းတပ်က ယမန်နေ့ ညပိုင်းတွင် နရွဲပင်ကျေးရွာဂိတ်စခန်း၊ တောဝိနှင့် ထိန်တပင်ရွာအကြားမှ ဂိတ်စခန်းနှင့် ကျွန်းကုန်းကျေးရွာ ဘုန်းကြီးကျောင်းရှိတပ်စခန်း တို့အား တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်ကသေဆုံးမှုနှင့်အတူ ထိခိုက်ဒဏ်ရာရရှိသူလည်း များပြားခဲ့ကြောင်း ကေအဲန်ယူ-ဗဟိုဘက်က ယနေ့ထုတ်ပြန်သည်။

“အဲဒီ စစ်ကောင်စီရဲ့စစ်ဆေးရေးဂိတ်တွေက ပြည်သူကို သွားလာရေးခက်ခဲအောင်လုပ်တယ်။ အဲဒါကြောင့် တော်လှန်ရေးတပ်ဖွဲ့ဘက်က ည ၁၂ နာရီမှာ သွားတိုက်သိမ်းလိုက်တာ။ သွားသိမ်းတဲ့ အချိန်မှာလက်နက်တွေရတယ်။ ထိခိုက်ဒဏ်ရာရတာတော့ အတိအကျမသိသေးဘူးနော်” ဟု ကေအဲန်ယူ ကျောက်ကြီးမြို့နယ်ပြောခွင့်ရ ပဒိုစောဝါးမူက ကေအိုင်စီသို့ ပြောသည်။

စစ်ကောင်စီဂိတ်စခန်းများအား တိုက်ခိုက်စဥ် ၎င်းတို့တပ်ဖွဲ့ဝင်များပိုင် (၆၀)မမပြောင်းတစ်ခု နှင့် အခြားလက်နက်ငယ်များ၊ ခဲယမ်းများအား KNLA တပ်ရင်း(၉)နှင့်ပူးပေါင်းတပ်ဘက်က သိမ်းပိုက်ရမိခဲ့သည်ဟုလည်း ကေအဲန်ယူ-ဗဟို၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Photo: KNU

စစ်အာဏာသိမ်းသက်တမ်း ၄ နှစ်တာကာလအတွင်း ညောင်လေးပင်ခရိုင်ရှိ စစ်ကောင်စီ အခြေစိုက်တပ်စခန်းများအား KNLA ပူးပေါင်းတပ်ဘက်က တစ်ဆထက်တစ်ဆ ထိုးစစ်ဆင်တိုက်ခိုက်ခြင်းဖြင့် စစ်တပ်၏ လက်နက်ခဲယမ်းနှင့်အင်အားပြုန်းတီးစေရေးကို ဦးတည်သည့် စခန်းသိမ်းဆုတ်ခွာ တိုက်ပွဲများဖော်ဆောင်လျက်ရှိသည်။

ထို့ကြောင့် စစ်ကောင်စီဘက်ကလည်း ၎င်းတို့ဆုံးရှုံးသွားသည့် ကျောက်ကြီးမြို့နယ်ထဲရှိ စခန်းများအား ပြန်လည် တပ်စွဲနိုင်ရေးအတွက် ပြောက်ကျားပုံစံဖြင့် စစ်ကြောင်းထိုးမှုများ လုပ်ဆောင်လာသည်ဟု ကေအဲန်ယူ ကျောက်ကြီးမြို့နယ်ဘက်က ပြောပြချက်အရ သိရသည်။

KNLA ပူးပေါင်းတပ်အနေဖြင့် ပြီးခဲ့သည့် ဇန်နဝါရီလဆန်းပိုင်းကလည်း ကျောက်ကြီးမြို့နယ်ရှိ စစ်တပ်ထောက်ပို့လမ်းကြောင်းအတွက် အရေးပါအရာရောက်သည့် မူသဲတပ်စခန်းကို အပြီးသတ်ရှင်း လင်းသိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းအများပြား သိမ်းဆည်းရမိခဲ့သေးသည်။