Home သတင်း ကျုံဒိုးတွင် စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် ဒေသခံတစ်ဦးသေဆုံးပြီး ကလေးငယ်တစ်ဦးဒဏ်ရာရ

ကျုံဒိုးတွင် စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် ဒေသခံတစ်ဦးသေဆုံးပြီး ကလေးငယ်တစ်ဦးဒဏ်ရာရ

505
Photo: KNU

ဖေဖော်ဝါရီ ၂ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်/တပ်မဟာ (၆) ထိန်းချုပ်နယ်မြေ၊ ကျုံဒိုးမြို့နယ်၊ လောင်းကိုင်အုပ်စု ဖားကျကျေးရွာထဲသို့ ဖေဖော်ဝါရီ (၁) ရက်၊ ယမန်နေ့တွင် စစ်ကောင်စီက နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးပြီး ကလေးငယ်တစ်ဦး ထိခိုက်ခဲ့ကြောင်း ကေအဲန်ယူ-ဗဟိုက ယနေ့ သတင်းထုတ်ပြန်သည်။

အဆိုပါ ကျေးရွာသို့ ယမန်နေ့ မွန်းလွဲ (၁) နာရီခန့်တွင် ကော့ကရိတ်အခြေစိုက် အမှတ် ‌၁၂ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (စကခ-၁၂ ) လက်အောက်ခံ အမြောက်ကုန်းတပ်မှ ၁၇၀ မမ လက်နက်ကြီး (၃) လုံးဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ယခုလို ထိခိုက်သေဆုံးမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ကေအဲန်ယူက ပြောသည်။

ထိုလက်နက်ကြီးပစ်ခတ်မှုကြောင့် ရာဘာခြံထဲတွင် အလုပ်လုပ်နေသည့် အသက် ( ၂၀) အရွယ် နန်းမြင့်မြင့်ဆန်းမှာ လက်နက်ကြီး၏ တုန်ခါမှုကြောင့် နှလုံးဖောက် သေဆုံးခဲ့ပြီး အသက် (၁၂) အရွယ် မန်းပိုင်ပိုင်မှာ လက်နက်ကြီး ကျည်စမှန်၍ ညာဘက်မှေးစေ့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

“တိုက်ပွဲမဖြစ်ဘဲနဲ့ သက်သက်ကြီး ပစ်ချတာ။ သုံးလုံးက တချိန်တည်း ကျတယ်။ ဆုံးသွားတဲ့ တစ်ယောက်က လက်နက်ကြီးထိလို့ မဟုတ်ဘဲ အသံကြောင့် လန့်လို့ ဆုံးသွားတာ။ နောက်ကလေးက ဆေးခန်းသွားပြပြီး ပြန်လာတာ လမ်းမှာဆိုင်ကယ်နဲ့ လက်နက်ကြီးကျတဲ့အရှိန်နဲ့ သူ့ကို အစပြန်မှန်သွားတာ။ ပုံမှန်က ညတိုင်းညတိုင်း ပစ်ထုတ်တယ်။ မနေ့ကမှ နေ့ဘက်ပိုင်းတွေပါ စပစ်နေတာ” ဟု နီးစပ်သည့် ဒေသခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

Photo: KNU

၎င်းစစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် ယခုရက်ပိုင်းအတွင်း ဒေသခံပြည်သူများ နေထိုင်သည့် နေရာများအပြင် ဒေသခံအများ လုပ်ကိုင်စားသောက်ရာ လုပ်ငန်းခွင်နေရာများကိုပါ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး ပစ်ခတ်မှုများကို နေ့ညရောပါ လုပ်ဆောင်လျက်ရှိကြောင်းလည်း ၎င်းဒေသခံက ဆက်ပြောသည်။

ယခုလို ပစ်ခတ်မှုကြောင့် ဒေသခံများ ထိခိုက်သေဆုံးမှု ဖြစ်ပွားသလို ဒေသခံများ၏ ရာဘာခြံများလည်း မီးလောင်ပျက်စီးများရှိသည်။ ကျေးရွာသားများသည် လက်နက်ကြီး ထပ်မံပစ်ခတ်မည်ကို စိုးရိမ်သည့်အတွက် နီးစပ်ရာသို့ တိမ်းရှောင် နေရသည်ဟု ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ (၃၀) ရက်နေ့တွလည်း အလားတူ လက်နက်ကြီး နှင့်ပစ်ခတ်တိုက်ခိုက် ခဲ့ခြင်းကြောင့် ကော့ကရိတ်မြို့အနီး ကမိုင်ကုန်းကျေးရွာရှိ ဒေသခံနေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့ပြီ တောင်ကြာအင်းကျေးရွာတွင်လည်း နေအိမ် ၂လုံး ထိခိုက် ပျက်စီးခဲ့သည်ဟု သိရသည်။