Home သတင်း ကရင့်တော်လှန်ရေးနေ့တွင် ညောင်လေးပင်ခရိုင်အတွင်း လေယာဥ်နှင့် ဗုံးကြဲတိုက်ခိုက်မှု ဒေသခံတစ်ဦး သေဆုံး၊ နှစ်ဦးဒဏ်ရာရ

ကရင့်တော်လှန်ရေးနေ့တွင် ညောင်လေးပင်ခရိုင်အတွင်း လေယာဥ်နှင့် ဗုံးကြဲတိုက်ခိုက်မှု ဒေသခံတစ်ဦး သေဆုံး၊ နှစ်ဦးဒဏ်ရာရ

468

ဖေဖော်ဝါရီ ၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ယမန်နေ့ ကရင့်တော်လှန်ရေးနေ့တွင် ကေအဲန်ယူ ညောင်လေးပင်ခရိုင်/တပ်မဟာ(၃)၊ ဆောထိ (ရွှေ ကျင်) မြို့နယ် သေခိုဆယ်ဒဲကျေးရွာသို့ စစ်ကောင်စီ၏ လေယာဉ်နှင့်ဒရုန်းဖြင့် ဗုံးကြဲတိုက် ခိုက်ခဲ့မှုကြောင့် ဒေသခံအမျိုးသားတစ်ဦးသေဆုံးပြီး ကလေးနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ယမန်နေ့က ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ကျရောက်သည့် ၇၆ နှစ်မြောက် ကရင့်တော်လှန်ရေးနေ့တွင် အဆိုပါ သေခိုဆယ်ဒဲ‌ကျေးရွာထဲသို့ စစ်ကောင်စီဘက်က စက်သေနတ်တပ်ထားတဲ့ ရဟတ်ယာဥ်ကို အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သည်ဟု ဒေသတွင်းအရင်းအမြစ်ထံမှ သိရသည်။

ဒေသခံအမျိုးသားတစ်ဦးက “ တပ်မဟာ (၃) နဲ့ (၅) ကြား ရှိတဲ့ ဆောထိမြို့နယ်နဲ့ နီးစပ်တဲ့ ရွာလေးမှာ ဖြစ်တာပါ။ လာပစ်တာက ပထမ လေယာဥ် တစ်စီးက ဗုံးချတယ်။ နောက်တစ်စီးက အော်လီဂန်နဲ့ ဝင်ပစ်တာတွေ လုပ်တယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ထိန်းချုပ်နယ်မြေ ခရိုင် (တပ်မဟာ ၃) ခု ဖြစ်သော ဖားအံခရိုင်၊ သထုံခရိုင် နှင့် ညောင်လေးပင်ခရိုင်တို့ကို (၇၆) နှစ်မြောက် ကျရောက်သည့် ကရင့်တော်လှန်ရေးနေ့တွင် စစ်ကောင်စီက ဒရုန်းဖြင့် တပြိုင်နက် တိုက်ခိုက်မှုလုပ်ဆောင်ခဲ့သည်ဟု ကေအဲန်ယူတာဝန်ရှိသူများက ပြောသည်။

အလားတူ ကေအဲန်ယူ တပ်မဟာ(၇) ဗဟိုဌာနချုပ်နယ်မြေရှိ ကလို့ယော်လေး ကွင်းပြင်အနီးတွင် ယမန် နေ့ နံနက်က အသေခံဒရုန်း၂ လုံးတိုက်ခိုက်မှုဖြစ်ပွားသည့်အတွက် အရပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့သလို KNU သထုံခရိုင်/တပ်မဟာ ၁ နယ်မြေ ဘီးလင်းမြို့နယ် ဒေါင်းဇံကြီးကျေးရွာအနီးတွင် စစ်ကောင်စီ ဘက်မှ ကာမီကာဇီ အသေခံဒရုန်း ၅ လုံးဖြင့် တိုက်ခိုက်မှုကြောင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။