Home သတင်း BGF ခေါင်းဆောင်နှင့်အပေါင်းအပါများကို လူကုန်ကူးမှုဖြင့် တရားစွဲဆို ဖမ်းဝရမ်းထုတ်ရန် Justice for Myanmar တိုက်တွန်း

BGF ခေါင်းဆောင်နှင့်အပေါင်းအပါများကို လူကုန်ကူးမှုဖြင့် တရားစွဲဆို ဖမ်းဝရမ်းထုတ်ရန် Justice for Myanmar တိုက်တွန်း

657

ဖေဖော်ဝါရီ ၂၅ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်တွင် လုပ်ကိုင်နေသည့် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှု၊ လူကုန်ကူးမှုများနှင့်ပတ်သက်၍ နယ်ခြားစောင့်တပ်-BGF ခေါင်းဆောင်(၃)ဦးအပါအဝင် ၎င်းတွင်ပါဝင်ပတ်သက်သူ မိသားစုနှင့်မိတ်ဖက် အပေါင်းအပါများအား တရားစွဲဆို၊ ဖမ်းဝရမ်းထုတ်ပေးရန် ထိုင်းအာဏာပိုင်များအား Justice for Myanmar –JFM အဖွဲ့က ယနေ့ ထုတ်ပြန်ချက်ဖြင့် တိုက်တွန်းသည်။

ထိုင်းနိုင်ငံ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန (DSI) က ဦးဆောင်ပြီး လူကုန်ကူးမှုနှင့်ပတ်သက်၍ BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူ၊ ဒုဗိုလ်မှူးကြီး စောမုတ်သုန်နှင့် စောတင်ဝင်းတို့အပါအဝင် ထိပ်ပိုင်းအင်အားစုများအား တရားစွဲဆိုရန်ပြင်ဆင်နေသည့်အပေါ် JFM က ကြိုဆိုထားသလို အမြန်ဆုံးဖမ်းဝရမ်းလျှောက်ရန် တိုက်တွန်းထားခြင်းလည်းဖြစ်သည်။

၎င်းတို့အပြင် ပါဝင်ပတ်သက်နေသည့် BGF မိသားစုဝင်များ၊ စီးပွားမိတ်ဖက်များ၊ စစ်ကောင်စီတပ်မှ တပ်မှူးများနှင့် ထိုင်းကုမ္ပဏီများ၊ လူပုဂ္ဂိုလ်များကိုလည်း တရားစွဲဆိုသင့်သည်ဟု JFM က ဆိုသည်။

“ထိုင်းအစိုးရအနေနဲ့ ဖမ်းဝရမ်းလျှောက်ပြီး လိုက်ပါလုပ်ဆောင်ဖို့ လိုအပ်တယ်။ ဒါက BGF ရဲ့ ရာဇဝတ်မှုတွေမှာ ထိခိုက်နစ်နာခဲ့ရသူတွေအတွက် တာဝန်ခံမှုပေးနိုင်ဖို့ မဖြစ်မနေလုပ်ဆောင်ရမယ့် ခြေလှမ်းတစ်ရပ် ဖြစ်ပါတယ်။ ထိုင်းအာဏာပိုင်တွေအနေနဲ့ BGF မိသားစုဝင်တွေ၊ သူတို့ရဲ့ စစ်အုပ်စုက တပ်မှူးတွေ၊ မြန်မာနဲ့ထိုင်းနိုင်ငံက သူတို့မိတ်ဖက်တွေကို ဖမ်းဝရမ်းထုတ်ပြီး လူကုန်ကူးမှုအပေါ် အရေးယူဆောင်ရွက်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ဖို့ လိုအပ်ပါတယ်” ဟု JFM ပြောခွင့်က မရတနာမောင်က ထုတ်ပြန်ချက်တွင် ပြောသည်။

ထိုင်းနိုင်ငံအနေဖြင့် မြန်မာနယ်စပ်သို့ အင်တာနက်၊ လျှပ်စစ်နှင့်လောင်စာဆီဖြတ်တောက်မှုဖြင့် ဖိအားပေးထားပြီး မြန်မာဘက်ရှိ လက်နက်ကိုင်တပ်များက လူကုန်ကူးမှုနှင့်အွန်လိုင်းလိမ်လည်မှုဆိုင်ရာ တိုက်ဖျက်ရေး အဖွဲ့များ ဖွဲ့စည်း၍ စုံစမ်းစစ်ဆေးရေးနှင့် လွှဲပြောင်းပေးအပ်ရေး လုပ်ဆောင်နေသော်လည်း ထိုင်းနိုင်ငံအနေဖြင့် တာဝန်ခံသင့်သူများကို တရားစီရင်မှုပြုလုပ်ရန် လိုအပ်သေးကြောင်း JFM က ထောက်ပြသည်။

ထိုအတွက် ဖမ်းဝရမ်းထုတ်ရေးမှာ မဖြစ်မနေလုပ်ဆောင်ရမည့်အဆင့်ဖြစ်သလို လက်ရှိ ဖိအားပေးနေသည့် အခြေအနေများကိုလည်း ရေတိုလုပ်ဆောင်ပြရုံသာ မပြုလုပ်သင့်ကြောင်း JFM က ဆိုသည်။

ဆက်လက်၍ JFM က နယ်စပ် လူကုန်ကူးမှုနှင့် အွန်လိုင်းငွေလိမ်ဂိုဏ်းများကို အဓိကအားပေး ကူညီနေပြီး BGF အား လက်သပ်မွေးထားသည့် လက်ရှိ အာဏာသိမ်းစစ်ကောင်စီကို ဖျက်သိမ်း ရမည်ဖြစ်ပြီး ၎င်းကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများအတွက် တာဝန်ခံစေရမည်ဟုလည်း ထောက်ပြထားသည်။

မရတနာမောင်က “ဆိုက်ဘာငွေလိမ်လုပ်ငန်းတွေ၊ လူကုန်ကူးမှုတွေရဲ့ အကြောင်းရင်းဖြစ်တဲ့ မြန်မာ စစ်တပ်ကိုလည်း မဖြစ်မနေ ဖြေရှင်းဖို့ လိုပါတယ်။ မြန်မာစစ်တပ်က မြန်မာပြည်သူတွေအပေါ် အကြမ်း ဖက်စစ်ဆင်ရေးကို ဆက်ပြီးကျူးလွန်ဖို့ ဘဏ္ဍာငွေ လိုအပ်နေတာပါ။ ထိုင်းနိုင်ငံအနေနဲ့ စစ်အုပ်စုကို နိုင်ငံရေးတရားဝင်မှုနဲ့ သဘာဝဓါတ်ငွေ့ ဝယ်ယူမှုကနေတဆင့် ဘဏ္ဍာငွေအသက်သွေးကြော ပေးအပ်နေသ၍ ဆိုက်ဘာငွေလိမ်မှုတွေနဲ့ လူကုန်ကူးမှုတွေ ဆက်ဖြစ်နေမှာပါ” ဟု ထုတ်ပြန်ချက်တွင် ပြောသည်။

ထို့အပြင် အာဆီယံက စစ်ကောင်စီကို နိုင်ငံရေးအရတရားဝင်မှုပြုထားခြင်းသည် ရာဇဝတ် လုပ်ငန်းများတွင် ဥပဒေနှင့် လက်တစ်လုံးခြား ဆက်လက်လုပ်ဆောင်နိုင်စေရန် ဖိအားပေးရာ ရောက်သောကြောင့် အာဆီယံအပါအဝင် အင်တာပိုနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ စစ်ကောင်စီကို ဖယ်ထုတ်အရေးယူရမည်ဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီနှင့်ဆက်နွယ်နေသော အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များအား စုံစမ်းဖော်ထုတ်နေသည့် JFM သည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် မေလပိုင်းကလည်း BGF/KNA နှင့်မိသားစုဝင်များပိုင် ရွှေကုက္ကိုလ်ဒေသရှိ ရာဇဝတ်မှုလုပ်ငန်းများနှင့်ပတ်သက်ပြီး စုံစမ်းထုတ်ဖော် အစီရင်ခံစာကို လူထုထံချပြခဲ့သေးသည်။

ထိုအစီရင်ခံစာတွင် ရွှေကုက္ကိုလ်ဒေသအတွင်းရှိ ကာစီနိုရုံကြီးများ၊ အွန်လိုင်းလောင်းကစားရုံကြီးများ အပါအဝင် BGF ပိုင်ဆိုင်သည့် ကုမ္ပဏီများ၊ လုပ်ငန်းများအကြောင်း ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြထားသလို နိုင်ငံဖြတ်ကျော်ရာဇဝတ်လုပ်ငန်းလုပ်ကိုင်သူများကို ဒဏ်ခတ်ပိတ်ဆို့ရန်လည်း သက်ဆိုင်ရာ အာဏာပိုင် အစိုးရတို့ကို JFM က တောင်းဆိုခဲ့သေးသည်။

ထိုင်းလူကုန်ကူးမှုတိုက်ဖျက်ရေးဘက်က တရားစွဲဆိုရန်စီစဥ်နေသည့်အပေါ် BGF ခေါင်းဆောင် စောချစ်သူကမူ ၎င်းအနေဖြင့် မြေနေရာငှားရမ်းပေးခြင်းသာဖြစ်ပြီး လူကုန်ကူးမှု၊ ငွေကြေး ခဝါချမှုနှင့်ငွေလိမ်လုပ်ငန်းများတွင် ပါဝင်ပတ်သက်ခြင်းမရှိကြောင်း ဖေဖော်ဝါရီလ တတိယအပတ်က မီဒီယာများနှင့်အင်တာဗျူးတွင် ဖြေကြားထားသည်။