ဖေဖော်ဝါရီ ၂၅ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး ၊ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် ဥတ္တူကျေးရွာအနီးတွင် စစ်ကောင်စီနှင့် နှစ်ဖက်တိုက်ပွဲအတွင်း ဒေါင်းညီနောင် စစ်ကြောင်းမှ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ၃ ဦးကျဆုံးခဲ့သည်ဟု စစ်ကြောင်း တာဝန်ရှိသူက ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၈ ရက်နေ့မှစ၍ သရက်ချောင်းမြို့နယ် ဥတ္တူကျေးရွာအတွင်းသို့ အင်အား ၈၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဒေသအခြေစိုက်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဝင်များနှင့် ဥတ္တူကျေးရွာ၊ မဲနယ်အိုးကျေးရွာအနီး၌ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေသည်ဟု ဒေါင်းညီနောင် စစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူရဲဘော် ဗလာက ပြောသည်။
အဆိုပါ စစ်ကြောင်းနှင့် တော်လှန်ရေးတပ်တို့ ဖေဖော်ဝါရီ ၂၁ ရက်၊ ညနေ ၃ နာရီအချိန်ခန့်မှစတင်ပြီး ဥတ္တူ ကျေးရွာ အနီးမှာ ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့ မှ ရဲဘော်ဥတ္တူနှင့် ရဲဘော်ဝက်ငယ်၊ ထားဝယ်နဂါးတပ်ခွဲ ၂ မှ ရဲဘော် ဝတုတ်တို့ သုံးဦး ကျဆုံးခဲ့ခြင်းဖြစ်သည်။
“သရက်ချောင်းမြို့နယ်အတွင်းမှာ အဓိက စစ်ရေးလှုပ်ရှားနေတဲ့ တပ်ရင်းတွေက သုံးလေး ခုလောက်ရှိတယ်။ လက်နက်ကြီးရမ်းသမ်း ပစ်ခတ်နေတာတွေလည်းရှိတယ်။ ရွှေဂူတံတားဂိတ်ကို ၂၉ ရက်နေ့ ဝင်ပစ်ပြီးနောက်ပိုင်းမှာ စစ်ကြောင်းထိုးတာတွေကို ပိုလုပ်လာတာကိုတွေ့ရတယ်”ဟု ဒေါင်းညီနောင် စစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ဗလာက ပြောသည်။
သရက်ချောင်း မြို့နယ်တွင်ပြီးခဲ့သည့် ဇန်နဝါရီ နောက်ဆုံးပတ်မှစ၍ နှစ်ဖက်တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက ဒေသခံအိမ်များကို မီးရှို့ ဖျက်ဆီးမှုများပြုလုပ်ခဲ့သည်။ ထို့ကြောင့် ရောင်းမော်ရွာ၊ ကင်းရှေ့ရွာ၊ စော်ဖျားရွာ၊ ဆေးဖြတ်ကုန်းရွာနှင့် မိုးရွှေကုန်း ရွာမှ ဒေသခံများအနေဖြင့် ယနေ့အချိန်ထိ နေရပ်မပြန်နိုင်သေးဘဲ ထွက်ပြေးတိမ်းရှောင်နေရဆဲ ဖြစ်သည်ဟု ကူညီနေတစ်ဦးက ပြောဆိုသည်။



















