Home သတင်း ကော့ကရိတ်-မြဝတီ အာရှလမ်းပိုင်းကို ဒရုန်းစစ်ဆင်ရေးဖြင့် တိုက်ခိုက်ရန် စစ်ကောင်စီ ပြင်ဆင်

ကော့ကရိတ်-မြဝတီ အာရှလမ်းပိုင်းကို ဒရုန်းစစ်ဆင်ရေးဖြင့် တိုက်ခိုက်ရန် စစ်ကောင်စီ ပြင်ဆင်

1054
Photo: ကျားဖြူစစ်ကြောင်း

ဖေဖော်ဝါရီ ၂၅ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကော့ကရိတ်-မြဝတီ အာရှလမ်းပိုင်းကို ပြန်လည်စိုးမိုးနိုင်ရေးအတွက် ဒရုန်းစစ်ဆင်ရေး ဖြင့် တိုက်ခိုက်မှုလုပ်ဆောင်ရန် စစ်ကောင်စီဘက်က ပြင်ဆင်မှုများလုပ်ဆောင်နေကြောင်း တော်လှန်ရေးတပ်ဖွဲ့၏ သတင်းအရင်းအမြစ်များက ပြောသည်။

ကော့ကရိတ်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်-စကခ ၁၂၊ ကျုံဒိုး၊ နဘူးနှင့် ခြေလျင်တပ်ရင်းမှ -ခလရ ၉၇ တပ်အပါအဝင် အောင်ဇေယျစစ်ဆင်ရေးရှေ့တန်းကွပ်ကဲရေးစခန်း ရွှေကြက်မင်း ဘုန်းကြီးကျောင်းစခန်းတို့တွင် တူရကီနိုင်ငံမှ ထုတ်လုပ်တင်သွင်းထားသည့် ဒရုန်းများအားဖြန့် ဝေထားပြီး ဒရုန်းစစ်ဆင်ရေးဖြင့် တိုက်ခိုက်ရန်လုပ်ဆောင်နေကြောင်း စစ်ရေးနယ်မြေသတင်း အရင်းအမြစ်များက ပြောသည်။

“ကော့ကရိတ် စစ်ကောင်စီနေရာတွေကို တူရကီဒရုန်း ၈၀၀ ကျော် ရောက်နေတယ် သတင်းရတယ်။ ကျုံဒိုး၊ နဘူး၊ စကခ ၁၂၊ ၉၇ တပ်၊ ရွှေကြက်မင်းကုန်းတွေကနေဒရုန်းတွေ နေ့ရောညရောတက်နေ တယ်။ ကင်းထောက်နေတယ်။ ပြီးရင်ဒရုန်းနဲ့ ဗုံးသီးချတယ်၊ တတန်ကူး၊ ထန်းပင်ကုန်း၊ ရွှေကြက်မင်း နေရာတွေမှာ KNLA ‌မဟာမိတ်ပူးပေါင်းတပ်တွေနဲ့ နေ့တိုင်းပစ်နေတယ်။ ” ဟု ကော့ကရိတ် အခြေစိုက် တော်လှန်ရေး စစ်ရေးသတင်းအရင်းအမြစ်က ပြောသည်။

ထိုသို့ စစ်ကောင်စီတပ်က စစ်ရေးအရှိန်မြင့် တိုက်ခိုက်နေသော်လည်း ပြီးခဲ့သည့် ဖေဖော်ဝါရီ လဆန်း ရက်များက အာရှလမ်းပိုင်းနှင့် ကော့ကရိတ်လမ်းပိုင်းတွင် တိုက်ခိုက်ခံရပြီး ပျက်စီးနေသည့် စစ်သုံးယာဉ် ၁၀ စီးကျော်အား ကျုံဒိုးအခြေစိုက် BGF တပ်ဖွဲ့အကူအညီဖြင့် ကျုံဒိုးမှတစ်ဆင့် ဖားအံ မြို့ဘက်သို့ ပြန်လည်သယ်ယူ ပေးမှုရှိခဲ့ကြောင်း မျက်မြင်တွေ့ရှိသည့် ကျုံဒိုးဒေသခံက ပြောသည်။

၎င်းက ” BGF မောင်ဝင်းအောင် အဖွဲ့တွေက ကော့ကရိတ်က စစ်ကားပျက်တွေ ဖားအံပို့တာကို လုံခြုံ ရေးလိုက်ရတာတွေ့တယ်။ စစ်ကားပျက်တွေပြန်ဆွဲသွားတယ်။ ဂျိုင်းတံတားဘက်ကနေ ဖားအံပို့ တာပေါ့။ နောက်ပြီးကျုံဒိုး ၅၄၅၊ ၅၄၆တပ်က စစ်ကြောင်းထွက်တာ အင်းကြီး ရွာဘက်ကနေ ကော့ကရိတ်ဘက်ကို သွားတာကိုအ ဲ့ဒီမှာလည်း BGF ပါတယ်။ ဗီဂို ကားနဲ့ ရှေ့ပိတ်နောက်ပိတ်လိုက်တာတွေ့တယ် ” ဟု ပြောသည်။

ယနေ့ ဖေဖော်ဝါရီ ၂၅ ရက် နံနက်ပိုင်းအထိ ကော့ကရိတ်နယ်မြေအတွင်း စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ် ပူးပေါင်းတပ်များ နှစ်ဖက်စစ် ရေး တင်းမာမှုများ ဆက်ရှိနေဆဲဖြစ်သည်။ စစ်ကောင်စီဒရုန်းများ ကင်းထောက် ပျံသန်းမှုအား KNLA မဟာမိတ်ပူးပေါင်းတပ်များက တန်ပြန်ဒရုန်းများဖြင့် တိုက်ခိုက်ရန် လုပ်ဆောင်နေသလို မြေပြင် စစ်ကြောင်းများဖြင့်လည်း ပိတ်ဆို့တိုက်ခိုက်မှုများ ဆက်လက် လုပ်ဆောင်နေကြောင်း စစ်ရေးနယ်မြေသတင်းအရင်းအမြစ်များထံမှ သိရသည်။