Home သတင်း အာဏာရှင်ဝါဒနှင့် ထောက်တိုင်များ ဖြိုချရန် ကေအဲန်ယူ ဥက္ကဋ္ဌ တိုက်တွန်း

အာဏာရှင်ဝါဒနှင့် ထောက်တိုင်များ ဖြိုချရန် ကေအဲန်ယူ ဥက္ကဋ္ဌ တိုက်တွန်း

627

ဖေဖော်ဝါရီ ၁၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

လူမျိုးစုများနှင့် ပြည်သူများ ဖွံ့ဖြိုးတိုးတက်ကြီးပွားခြင်းကို အဟန့်အတားဖြစ်စေသည့် အာဏာရှင်ဝါဒနှင့် ထောက်တိုင်များကို ဖြိုချရန် ကေအဲန်ယူ-ကရင်မျိုးသားအစည်းအရုံး၊ ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက တိုက်တွန်း ပြောဆို လိုက်သည်။

ယနေ့ကျရောက်သည့် ၇၇ နှစ်မြောက် ကရင်အမျိုးသားနေ့ အထိမ်းအမှတ် မိန့်ခွန်း၌ ယခုလို ကေအဲန်ယူ၊ ဥက္ကဋ္ဌက တိုက်တွန်း‌ ပြောဆိုခဲ့ခြင်းဖြစ်သည်။

“နေရာအနှံ့အပြားမှာရှိတဲ့ ကရင်လူမျိုးတွေအနေနဲ့ ကိုယ်ရှိတဲ့နေရာက လူမျိုးစုတွေနဲ့ လက်တွဲပူးပေါင်းဆောင်ရွက် ပြီး ကရင်လူမျိုးတို့ရဲ့ဖြစ်တည်မှု ရေရှည်တည်တံ့ခြင်းနဲ့ လူမျိုးစုများ၊ ပြည်သူလူထုများရဲ့ ဖွံ့ဖြိုးတိုးတက် ကြီးပွား ခြင်းကို အဟန့်အတားပြုနေတဲ့ အာဏာရှင်ဝါဒနဲ့ သူတို့ထောက်တိုင်တွေကို ဖြိုချတိုက်ဖျက်သွားကြဖို့ ဖြစ်ပါတယ်” ဟု ကေအဲန်ယူဥက္ကဋ္ဌက ပြောသည်။

ထို့အပြင် ကရင်လူမျိုးတို့အနေဖြင့် သီးသန့် ဝိသေသလက္ခဏာများဖြစ်သည့် နှစ်လ ရေတွက်ပုံ၊ ကရင်အမျိုးသား နှစ်သစ်ကူး၊ ကရင်အမျိုးသား အလံတော်နှင့် သီးချင်းလည်းရှိကြောင်း၊ ယင်းတို့ရှင်သန်နေရန်လည်း လိုပြီး စကား၊ စာပေ၊ ယဉ်ကျေးမှုတို့ကို တန်ဖိုးထားရန် လိုပြီး ဂုဏ်လက္ခဏာအနေဖြင့် အသုံးပြုကြရန် ဥက္ကဋ္ဌက တိုက်တွန်း ပြောဆိုထားသည်။

အလားတူ လူမျိုးတစ်မျိုးတိုးတက်ရန် “လွတ်လပ်မှု၊ တန်းတူညီမျှမှု၊ ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးခွင့်” ခွင့် ရှိရမည် ဖြစ်ပြီး ဆန့်ကျင်ဟန့်တားခြင်းသည် “မဟာလူမျိုးကြီး ဝါဒနဲ့ အာဏာရှင် ဝါဒ” သာဖြစ်သည်ဟု ဥက္ကဋ္ဌက ထောက်ပြ ပြောဆိုသည်။

ထို့အပြင် ကရင်လူမျိုးများ လိုလားချက်များ လက်ရှိအချိန်ထိ မပြည့်သေးသလို ပြည့်ဝအောင် ကရင်လူမျိုးတိုင်း၊ ကရင်လက်နက်ကိုင်အဖွဲ့အစည်းတိုင်း၊ ကရင်နိုင်ငံရေးပါတီများနှင့် ကရင်လူမှုအဖွဲ့အစည်းတိုင်း စည်းလုံးညီညွတ် မှုကို တည်ဆောက်ပြီး တတ်နိုင်သည့် အင်အားဖြင့်လုပ်ဆောင်သွားရမည်ဟု မိန့်ခွန်း၌ ဖော်ပြထားသည်။

၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းခြင်းသည် ကရင်လူမျိုးနှင့် လူမျိုးစုတို့၏ လိုလားချက်ဖြစ်သည့် ဖက်ဒရယ်ဒီမိုက ရေစီ တည်ဆောက်ရေး ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များကို ဆန့်ကျင်မျက်ကွယ်ပြုခဲ့ခြင်းသည်သာ ဖြစ်ပြီး အာဏာရှင် ပြိုကျရန် စုပေါင်းလုပ်ဆောင်သွားရမည်ဟု ဥက္ကဋ္ဌက တိုက်တွန်းထားသည်။

ကရင်အမျိုးသားနေ့ ဖြစ်ပေါ်လာရခြင်းသည် ၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့တွင် ဖဆပလ အစိုးရထံ ကရင် ပြည်ချက်ချင်းပေးရန် ကေအဲန်ယူက စာပေးပို့တောင်းဆိုခဲ့သည်။ ထိုသို့ တောင်းဆိုခြင်းသည် ကရင်အမျိုးသား တစ်ရပ်လုံး၏ တောင်းဆိုမှု အမှန်ဖြစ်ကြောင်း လေးနက်စေရန် မြန်မာပြည်တစ်ဝှမ်းရှိ ကရင်လူထုက ကရင်ပြည် ရရှိရေးအပါအဝင် ကြွေးကြော် သံလေးရပ်ဖြင့် ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် ငြိမ်းချမ်းစွာ ချီတက် ဆန္ဒပြ ခဲ့ကြ သည်။

ထိုသို့ ကရင်လူမျိုး လေးသိန်းကျော် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ခြင်းကို အစွဲပြု၍ ၁၉၅၃ ခုနှစ်၊ နိုဝင်ဘာ ၂၃ ရက် နေ့မှ ၂၅ ရက်နေ့အထိ ဖာပွန်မြို့တွင် ကျင်းပပြုလုပ်သော ကော်သူးလေပြည်လုံးဆိုင်ရာ ကွန်ဂရက်တွင် ကရင် လူထု၏ စည်းလုံးညီညွတ်စွာ ကြွေးကြော်ဆန္ဒပြခဲ့ကြသည့် ဖေဖော်ဝါရီ ၁၁ ရက်နေ့ကို ကရင်အမျိုးသားနေ့အဖြစ် သတ်မှတ်ရန် ကွန်ဂရက်အတွင်း ကန့်ကွက်သူမရှိ အတည်ပြုခဲ့ပြီး ယနေ့ထက်ထိ နှစ်စဥ်နှစ်တိုင်း ကျင်းပလာခဲ့ကြ ခြင်းဖြစ်သည်။