Home သတင်း သံတောင်ကြီးတွင် စစ်ကောင်စီယာဥ်တန်းအား တိုက်ခိုက်မှု တပ်ဖွဲ့ဝင် ၆ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရ

သံတောင်ကြီးတွင် စစ်ကောင်စီယာဥ်တန်းအား တိုက်ခိုက်မှု တပ်ဖွဲ့ဝင် ၆ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရ

858
Photo :Thawthiko

ဖေဖော်ဝါရီ ၁၂ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ တောပြာကြီးရွာလမ်းခွဲ၌ ဘုရင့်နောင် စစ်ကောင်စီ တပ်စခန်းမှဆင်းလာသည့် ယာဥ်တန်းအား ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၈ ရက်နေ့က ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်-KNLA မှ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သံတောင်ကြီးမြို့အခြေစိုက် ဘုရင့်နောင်တပ်စခန်းမှ သံတောင်-တောင်ငူလမ်းအား အသုံးပြု၍ တောင်ငူမြို့သို့ ဆင်းလာသည့် စစ်သုံးမော်တော်ယာဥ် ၁၀ စီးအား တပ်မဟာ(၂) KNLA တပ်ရင်း (၅) တပ်ခွဲ (၃) မှ တပ်ဖွဲ့ဝင်များက ထိုနေ့ မွန်းလွဲပိုင်းက ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု KNLA တပ်ရင်း(၅)၏ သော်သီခို လူမှုကွန်ရက်စာမျက်နှာမှ ဖေဖော်ဝါရီ ၉ ရက်နေ့တွင် ထုတ်ပြန်သည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ၏မော်တော်ယာဥ်တစ်စီး တိမ်းမှောက်ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်(၆)ဦးသေဆုံး၍ (၆)ဦးဒဏ်ရာရရှိခဲ့သည်ဟု ၎င်းတို့ထုတ်ပြန်ချက်အရ သိရသည်။

ယာဥ်တန်းတိုက်ခိုက်ခံရမှုဖြစ်ပွားပြီးနောက် တိမ်းမှောက်သွားသည့်ယာဥ်ပေါ်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား အခြားမော်တော်ယာဥ်ဖြင့် သယ်ဆောင်သွား၍ ထိုလမ်းကိုလည်း စစ်ကောင်စီဘက်က ယာယီပိတ်ချခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“သံတောင်ကြီးကနေတော့ နာရီဝက်လောက်ဝေးတယ် အဲဒီနေရာမှာဖြစ်တာ။ ကားမှောက်တာကလည်း ကုန်း အဆင်းမှာ ဘရိတ်ပေါက်သွားတယ်လို့ ကြားတယ်။ ဖြစ်ပြီးတာနဲ့အဲဒီကားထဲက လူတွေကိုဆွဲထုတ်ပြီး သယ် သွားကြတယ်။ နောက်တော့ သံတောင်ကြီးအတက်အဆင်းကားတွေအားလုံး ပေးမသွားတော့ဘူး။ ဟိုး ၁၃ မိုင်လောက်ကတည်းက တားထားတယ်။ သူတို့ကိစ္စပြီးမှ ပြန်လွှတ်တာ” ဟု အဆိုပါဒေသခံက ကေအိုင်စီသို့ ပြောသည်။

ထိခိုက်သေဆုံးခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့၏ ရာထူးတာဝန်နှင့်ပတ်သက်၍မူ KNLA ဘက်က နောက်ဆက်တွဲထုတ်ပြန်ထားခြင်းမရှိသေးပါ။

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၂) ထိန်းချုပ်နယ်မြေ၊ တောင်ငူခရိုင်အတွင်းရှိသည့် သံတောင်ကြီးမြို့နယ်တွင် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်စခန်းများ၊ ဌာနဆိုင်ရာနေရာများ၊ သွားလာနေသည့် စစ်သုံးယာဥ်များ မကြာခဏတိုက်ခိုက်ခံရလျက်ရှိသည်။

ယခုနှစ် ဇန်နဝါရီလကုန်ပိုင်းကလည်း ရှမ်းလယ်ပြင်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို KNLA ပူးပေါင်း တပ်များက ပိတ်ဆို့တိုက်ခိုက်လျက်ရှိသောကြောင့် ယင်းနေရာအနီးတဝိုက် လေကြောင်း ပစ်ခတ်မှုများဖြစ်ပွားခဲ့သလို တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုရှိသည်ဟု လည်း ဒေသတွင်းသတင်းအရင်းအမြစ်များထံမှ သိရသည်။