ဖေဖော်ဝါရီ ၁၄ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ပြီးခဲ့သည့် နှစ်တွင် ထိုင်းစစ်သားများ၏ ညှဥ်းပန်းနှိပ်စက်မှုကြောင့် အသက်သေဆုံးသွားခဲ့သော မြန်မာနိုင်ငံသား အောင်ကိုကို၏ အမှုမှန်ပေါ်ပေါက်ရေးအတွက် တင်သွင်းလိုက်သောအမှုကို ထိုင်းနိုင်ငံ ရှေ့နေများကောင်စီ ( Lawyers Council of Thailand) မှ လက်ခံလိုက်ကြောင်း Fortify Rights က ယမန်နေ့တွင် သတင်း ထုတ်ပြန်သည်။
အောင်ကိုကိုအနေဖြင့် ပြီးခဲ့သည့် နှစ် ဇန်န၀ါရီလ ၁၂ ရက်နေ့က ထိုင်း-မြန်မာနယ်စပ်၏ ထိုင်းနိုင်ငံဘက်ခြမ်းတွင် ထိုင်းစစ်သား ၄ ဦး၏ ညှဉ်းပန်းနှိပ်စက်မှုကြောင့် သေဆုံးသွားသည့်အပေါ် အမှုမှန်ပေါ် ပေါက်ရေးအတွက် Fortify Rights အနေဖြင့် စုံစမ်းဖော်ထုတ်မှုများပြုလုပ်ပြီး ထိုင်းရှေ့နေများကောင်စီကို တင်သွင်းလိုက်သည့် အပေါ် ယခုလို လက်ခံလိုက်ခြင်းဖြစ်သည်။
ညှဉ်းပန်းနှိပ်စက်မှု ကျူးလွန်သည့် မည်သူမဆို ရာဇဝတ်မှု ကျူးလွန်ခြင်းအတွက် ပြစ်ဒဏ်မှ ကင်းလွတ် ခွင့်ပေးမည် မဟုတ်ကြောင်း ထိုင်းနိုင်ငံ ရှေ့နေများကောင်စီ၏ ပြောဆိုမှုကို ကိုးကားပြီး ယနေ့ ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင် ယခုလို ဆိုထားသည်။
ထိုင်းနိုင်ငံ ရှေ့နေများကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ ဝီချန်းချပ်သွန်က “ကျနော်တို့က အချက်အလက်တွေကို စစ်ဆေးဖို့နဲ့ သက်ဆိုင်ရာဌာနတွေဆီက အထောက်အထားတွေ စုဆောင်းဖို့ လုပ်ငန်းအဖွဲ့တစ်ခု ဖွဲ့ပါမယ်။ အရပ် ဘက်ပဲဖြစ်ဖြစ် ရာဇ၀တ်မှုပဲဖြစ်ဖြစ် ကူညီနိုင်မယ့် နည်းလမ်းကို ရှာဖွေဖော်ထုတ်သွားမှာပါ” ဟု Fortify Rights ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။
အောင်ကိုကို၏ အမှုကို ထိုင်းနိုင်ငံ၏ အထူးစုံစမ်းစစ်ဆေးရေးဌာန (DSI) ကို မှ နိုဝင်ဘာလ ၇ ရက်နေ့တွင် လူကိုယ်တိုင် သက်သေခံအဖြစ် သွားရောက်၍ အောင်ကိုကို အသတ်ခံရမှုနှင့် ပတ်သက်သည် များကို တိုင်ကြားခဲ့သလို အစီရင်ခံစာအပါအဝင် အမှုနှင့်သက်ဆိုင်သည့် အခြားအထောက် အထားများကိုလည်း ပေးအပ်ခဲ့သည်ဟု Fortify Rights က ဆိုသည်။
ထိုင်းအစိုးရအနေဖြင့် အောင်ကိုကိုအား သတ်ဖြတ်မှုတွင် ထိုင်းစစ်တပ်မှ စစ်သားများပါဝင်ပတ်သက်နေမှုနှင့်စပ် လျဉ်း၍ စေ့စပ်မြန်ဆန်ကာ သမာသမတ်ကျသော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သင့်ပြီး ကျူးလွန်သူများ အားလုံး အပေါ် တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သင့်ကြောင်း Fortify Rights ၏ အမှုဆောင်အရာ ရှိချုပ် Matthew Smith က ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။
အဆိုပါ သေဆုံးသွားသူ အောင်ကိုကိုသည် ထိုင်းနိုင်ငံ၊ မဲဆောက်ခရိုင်၊ ထဆိုင်လွတ်မြို့နယ်ခွဲ၊ ဘာန်းတိုင် (Bann Tai) ကျေးရွာတွင် နေထိုင်၍ ထိုင်းအာဏာပိုင်များက စီစဉ်လေ့ကျင့်သင်ကြားပေးထားသည့် ရပ်ရွာ လူထုအခြေပြု လုံခြုံရေးတပ်ဖွဲ့ ချော်ရော်ဘော် (Chor Ror Bor) ၏ စေတနာ လုပ်သားဟောင်း တစ်ဦးဖြစ် ကြောင်း Fortify Rights ၏ အစီရင်ခံစာ အရ သိရသည်။
အသက် (၃၇) နှစ်အရွယ်ရှိ အောင်ကိုကိုသည် မြန်မာနိုင်ငံသားဖြစ်ပြီး ချော်ရော်ဘော် (Chor Ror Bor) အဖွဲ့ဝင်အနေဖြင့် ချော်ရော်ဘော် အင်္ကျီ ဝတ်ထားသည့်အပေါ် ၎င်းဒေသတွင် နယ်စပ်လုံခြုံရေး တာဝန်ကျ ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့ဝင် ၄ ဦး၏ ဖမ်းဆီးထိန်းသိမ်း စစ်ဆေး မေးမြန်းခဲ့ရာမှ သေစေလောက်သည့် တုတ်များဖြင့် ညှဉ်းပန်းနှိပ်စက်မှုကြောင့် သေဆုံးသွားရခြင်းဖြစ်သည် ဆိုသည်။
Fortify Rights အဖွဲ့သည် အမေရိကန်နှင့် ဆွစ်ဇာလန် နိုင်ငံများတွင် မှတ်ပုံတင်ထားသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို စုံစမ်းစစ်ဆေး အဖြေရှာသည့် လုပ်ငန်းများကို လှုပ်ရှားဆောင်ရွက်သော အဖွဲ့အစည်း တစ်ရပ်ဖြစ်သည်။



















