ဖေဖော်ဝါရီ ၁၄ ရက်၊ ၂၀၂၅ ။ ကေအိုင်စီ
ဖားအံမြို့ပေါ်၌ အိမ်သုံး သဘာဝဓတ်ငွေ ဂက်စ်ဝင်ရောက်မှု နည်းပါးနေပြီး ယခုရက်ပိုင်းအတွင်း ဂက်စ်ပြတ်လပ် နေသည်ဟု ရောင်းဝယ်နေသူများက ပြောသည်။
ထိုင်းနိုင်ငံက မြန်မာသို့ စက်သုံးဆီများနှင့်အတူ ဂက်စ်တင်သွင်းမှု ပိတ်ထားသည့်အတွက် ဂက်စ်ဝင်ရောက်မှု နည်းလာ၍ ယခုလို ပြတ်လပ် လာခြင်းဖြစ်သည်ဟု ဖားအံမြို့ပေါ်ရှိ ဂက်စ်အရောင်းဆိုင်ပိုင်ရှင်တစ်ဦးက ယခုလို ပြောသည်။
“ပြည်တွင်းသင်္ဘာက လာတဲ့ဂက်စ်က အရင်က ၃ စီးဝင်ရင်အခုက ၂ စီး လောက်ပဲဝင်တယ်။ ရတဲ့ ဂက်စ်ကို မျှယူ ရတော့ ရတာနည်းသွားတယ်။ ထိုင်းဘက်ကလည်း ဂက်စ်မဝင်တော့ဘူးဆိုတော့ မြဝတီတို့ဆို ဒီဖားအံမှာပဲ လာဝယ် ကြတော့ ဂက်စ်တွေက ပြတ်သွားတာဖြစ်တယ်” ဟု ကေအိုင်စီသို့ ပြောသည်။
ယခုလို ဈေးကွက်အတွင်း ဂက်စ်ပြတ်လပ်ပြီး ဝယ်လိုအားနှင့် ရောင်းလိုအား မမျှတသည့်အတွက် ဂက်စ်ဈေးနှုန်း များသည်လည်း တပြေးညီမရှိတော့သလို ကြုံသလို ဈေးနှုန်းသတ်မှတ် ရောင်းဝယ်နေကြသည်ဟု ဈေးကွက် အတွင်းမှ သိရသည်။
ထို့အပြင် မြဝတီမြို့ခံများက ဖားအံသို့ အိမ်သုံးဂက်စ်များ သွားရောက်ဝယ်ယူနေမှုများလည်း ရှိနေသည်ဟု သိရသည်။
“ဂက်စ်စျေးနှုန်းက အတိကျ မရှိတော့ဘူး။ ဝယ်သူနဲ့ရောင်းသူကြားမှာ နှစ်ဖက်အဆင်ပြေတဲ့စျေးနှုန်းဘဲညှိနှိုင်းပြီး ရောင်းဝယ်ကြတော့တယ်။ ပြီးတော့ မြဝတီက လာဆင်းဝယ်တဲ့သူတွေက ဈေးပိုပေးတော့ သူတို့ကို ဦးစားပေး ရောင်းတာတွေလည်း ရှိတယ်” ဟု ၎င်းက ဆက်ပြောသည်။
ထို့အပြင် ပြည်တွင်း၌ စားသောက်ကုန်နှင့် လူသုံးကုန် ဈေးနှုန်းများ ထပ်မံမြင့်တက်လာသည်ဟု အများပြည်သူတို့ ကပြောဆိုသည်။ ထိုင်းက နယ်စပ်ရှိ မြန်မာဘက်သို့ လျှပ်စစ်နှင့် ဓာတ်အား ဖြတ်တောက်လိုက်သည့် အတွက် ရေသန့် စက်ရုံ တချို့ပိတ်ထားလိုက်ရပြီး စက်ရေတွင်းများ လောင်စာဆီနှင့် လျှပ်စစ်မီးမရှိ၍ ရေတင်မရဖြစ်နေကာ သောက်သုံးရေ အခက်အခဲကြုံတွေ့နေရသည်ဟု ဒေသခံများက ပြောသည်။



















